ကျိုက်ထို – ဒီဇင်ဘာ ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် တပ်စွဲနေထိုင်တဲ့ မုပ္ပလင်စစ်ဆေးရေး ဂိတ်ကို မနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက လက်နက်ကြီးတွေအပြင် ဒရုန်းနဲ့တွေပါ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီစစ်ဆင်ရေးအတွင်း လက်နက်ကြီး ၆၀ မမ ၈ လုံး၊ ဒရုန်းနဲ့ ၆၀ မမ တစ်လုံး ၊ ၄၀ မမ အလုံး ၂၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က အရာရှိတစ်ဦး၊ တပ်ကြပ်တစ်ဦး၊ တပ်သား တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိ ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KFR တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဝေါမြို့နယ် အထက်ကွေ့ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကျိုက်ထိုမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရွဲကျေးရွာရှိ ကျေးလက်ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းနဲ့နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒီစစ်ဆင်ရေးကို KNU/KNLA (၇၈၀၅) တပ်ရင်း၊ တပ်ခွဲ (၂) သွေးသစ္စာပြောက်ကျားတပ်ဖွဲ့၊ YEF TPDF Drone Force ၊ တောကျီးကန်းစစ်ကြောင်း၊ ABSDF ၊ ကျိုက်ထို ပကဖနဲ့ ကျိုက်ထို တော်လှန်ရေး အင်အားစု (KRF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ အာဏာသိမ်းကာလအတွင်း ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထိုမြို့နယ်မှာတော့ မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားသလို အခြေစိုက်တပ်ရင်းတွေကနေ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.