မုန်း – ဒီဇင်ဘာ ၄

KNU တပ်မဟာ ၃ နယ်မြေ မုန်း မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ-၅၉၉၊ခမရ ၅၉၀၊ မုန်း မြို့မ ရဲစခန်းနဲ့ တံတားထပ်ဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်တွေဟာ ဒီနေ့ ဒီဇင်ဘာလ၄ရက် ညနေ ၅နာရီခွဲမှာ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းက အဲဒီစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေကို တပ်ဖွဲ့ဝင်အင်အား ၁၅၀၀ နဲ့နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

အဲဒီစခန်းတွေမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ နဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေ တဲ့အတွက် ပြည်သူအမြောက်အများ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကာ လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်နေတာတွေကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြည်သူတွေရဲ့သဘောဆန္ဒနဲ့အညီ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စခန်းသိန်းတိုက်ပွဲတွေအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ အသိပေး ထားပါတယ်။

မုန်းမြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အသေးစိတ်ကို ထပ်မံအသိပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.