လွိုင်ကော် – ဒီဇင်ဘာ ၄

ကရင်နီပြည်နယ်မှာ စစ်တပ်ရဲ့ မြေပြင်ပိတ်ဆို့မှုတွေကြောင့် ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်မှု နဲ့ ရင်ဆိုင်နေရတဲ့အတွက် စစ်ဘေးရှောင်တွေဟာအခက်အခဲဖြစ်နေကြတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တွေဘက်က ဝင်ရောက်သိမ်းပိုက်ပြီးနောက် ဒီနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်တွေဟာ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အဓိက ကတော့ ကျွန်တော်တို့ ကုန်စည်စီးဆင်းမှုက မရှိတော့ဘူးပေါ့နော် လွိုင်ကော်ဖြစ်တော့ စစ်ကောင်စီတွေက ပင်လောင်ကနေ စပြီးတော့ပိတ်တယ် ပိတ်တဲ့အခါကျတော့ ဆန်ကားတွေ လည်းမဝင်ဘူး ဆီကားတွေလည်းမဝင်ဘူးဆိုတော့ ရိက္ခာပြတ်လပ်မှုတွေ ကုန်စျေးနှုန်း ကြီးမား မှုတွေ တော်တော်လေးဖြစ်လာတယ်ပေါ့နော်။ကုန်စျေးနှုန်းတွေ အဆမတန်ကြီးမားတာတော့ ကြုံတွေ့ရတယ်ဗျ။” လို့သူက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာတိုက်ပွဲတွေ မဖြစ်ပွားခင်က ဒီးမော့ဆိုအရှေ့ခြမ်း၊အနောက်ခြမ်းနဲ့ ဖရူဆို အပါအဝင် လွိုင်ကော်အနီးက စစ်ရှောင်စခန်းတွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေကို လွိုင်ကော် မြို့ပေါ်ကနေအဓိက ဝယ်ယူတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပင်လောင်း-ဖယ်ခုံလမ်းကနေလည်း ဆန်နဲ့ ရိက္ခာဝယ်ယူတာတွေရှိပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် လမ်းပိတ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကရင်နီပြည်နယ်အတွင်း စက်သုံးဆီ တစ်လီတာကို ၈၀၀၀ ကနေ ၁၀၀၀၀ ကြား ဖြစ်နေသလို ဆန်၊ဆီ၊ဆားအပါအဝင် အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေဟာလည်း တစ်လအတွင်း ၃ ဆ တီးပါးအထိမြင့်တက်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာပြတ်လပ်မှုတွေရှိနေတဲ့အတွက် ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အစီအမံနဲ့ စုဆောင်းထားတဲ့ ဆန်တွေကိုအသုံးပြုပြီး ရိက္ခာပြတ်လပ်မှုတွေကို ဖြေရှင်းနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အတွင်းက လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ စစ်ဘေးရှောင်နေကြရပြီး ရိက္ခာလိုအပ်ချက်တွေတိုးမြင့်လာတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ နယ်စပ် ဖြတ်ကျော် အကူအညီပေးတာတွေမရှိလာရင် စစ်ဘေးရှောင်ပြည်သူတွေ အငတ်ဘေးကြုံရနိုင်တယ်လို့ IEC က အသိပေးထားပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် ၂ သိန်းနီးပါရှိနေတာကြောင့် ပြည်နယ်အတွင်းက အကြီးဆုံးစစ်ရှောင်စခန်းဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.