ဂါဇာ ၊ဒီဇင်ဘာ ၃
ဟားမတ်စ်တို့နဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးတဲ့နောက် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ စစ်ပွဲတွေရပ်တန့်ဖို့ ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေတယ်လို့ ကြားဝင်ဖျန်ဖြေပေးသူတွေက ပြောကြားထားပြီး ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ ဂါဇာဒေသမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာပါ။
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာတည်ရှိတဲ့ ခမ်ယွန်းနစ်အရှေ့ပိုင်းဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်အရုဏ်တက်ပြီး မကြာခင်အချိန်မှာပဲ ကောင်းကင်ယံမှာ မီးခိုးလုံးတွေ တက်လာနေတာကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့နိုင်ဖွယ်ရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဂါဇာရှိ မြေပြင်၊ လေကြောင်းနဲ့ ရေတပ်တပ်ဖွဲ့တွေဟာ အကြမ်းဖက်ပစ်မှတ် ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေးကလည်း ပြောကြားထားပါတယ်။
အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့အရပ်သားပြည်သူတွေဟာ မိမိတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို လှည်းတွေနဲ့ စုပုံတင်ဆောင်ပြီး လမ်းတွေပေါ်ထွက်လာကာ ခိုလှုံစရာနေရာတွေကို ရှာဖွေနေကြတယ်လို့ လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
“လက်ရှိတိုက်ပွဲတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ကို ပိုမိုဆိုးရွား စေနိုင်တယ်။ ကမ္ဘာမြေငရဲဟာ ဂါဇာကမ်းမြောင်ဆီ ပြန်ရောက်သွားပါပြီ”လို့ ဂျီနီဗာရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံး ပြောရေးဆိုခွင့်ရှိသူ Jens Laerke က ပြောကြားခဲ့ပါတယ်။
နှစ်ဖက်ကြား နိုဝင်ဘာ ၂၄ ရက်က စတင်ခဲ့တဲ့ အပစ်အခတ် ခေတ္တရပ်ဆိုင်းထားမှုဟာ နှစ်ကြိမ်သက်တမ်းတိုး ခဲ့တာပါ။ အဲဒီနောက်အစ္စရေးက ဟားမတ်စ်တွေက တစ်နေ့ကို ဓားစာခံ ၁၀ ဦးကို လွှတ်ပေးနေသရွေ့ အပစ်အခတ်ရပ်တာကို ဆက်လက်လုပ်ဆောင်နိုင်တယ်တို့ ဆိုလာပါတယ်။
ဒါပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေ၊ နိုင်ငံခြား ဓားစာခံတွေ လွတ်မြောက်လာပြီး ခုနစ်ရက်အကြာမှာ ဖျန်ဖြေသူတွေအနေနဲ့ လွှတ်ပေးသင့်တယ်လို့ ယူဆရတဲ့သူ ရှားပါးလာပြီး နောက်ထပ်ပြန်လွှတ်ပေး သင့်သူကို ရှာမတွေ့ခဲ့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အစ္စရေးကတော့ ဟားမတ်စ်တို့အနေနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးအားလုံးကို ပြန်လွှတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပါလက်စတိုင်း အရာရှိတစ်ဦးက အခုလို ဆွေးနွေးမှုပျက်ခဲ့ရတာဟာ အစ္စရေး စစ်သားအမျိုးသမီးတွေကို ဖမ်းမိထားတဲ့ကိစ္စတွေကြောင့် ဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။
ဟားမက်စ်စစ်သွေးကြွအုပ်စုအနေနဲ့ လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၄၀ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အောက်တို ဘာ ၇ ရက်က အုံကြွမှုအပြီးမှာ အစ္စရေးက ဟားမတ်စ်ကို ချေမှုန်းဖို့ သန္နိဌာန်ချခဲ့တာပါ။
ကုလသမဂ္ဂကလည်း ယုံကြည်စိတ်ချရတဲ့ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေအရ ဂါဇာမှာ လူပေါင်း ၁၅၀၀၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ ဆိုထားပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ပြန်လည်ထူထောင်ဖို့ ဖျန်ဖြေရေးအဓိကနေရာက ပါဝင်နေတဲ့ ကာတာနိုင်ငံကတော့ အစ္စရေး- ပါလက်စတိုင်းတို့နဲ့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက တဖန်ပြန်လည် ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်ရပ်ဟာ ရှုပ်ထွေးမှုတွေ အများကြီးရှိနေတယ်လို့ ပြောကြား ထားပါတယ်။
Ref; Reuters