မော်လမြိုင် – ဒီဇင်ဘာ ၂

မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လျှို့ဝှက်နေအိမ်၊ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် နေအိမ်နဲ့ စစ်ရေးပစ်မှတ်လေးခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ် ပကဖ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒီစစ်ဆင်ရေးကို မနေ့ ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲအချိန်ခန့်မှာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats တပ်ခွဲ)နဲ့ မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ၊ KNDO တပ်ရင်း(၆)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးပစ်မှတ် လေးခုဖြစ်တဲ့ ရတခတိုင်းမှူး လျှို့ဝှက်နေအိမ်၊ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် နေအိမ် မွန်ပြည်နယ်ရဲတပ်ရင်း (၁၅)ရဲတပ်ရင်းမှူး နေအိမ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကို လေကြောင်းမှတိုက်ခိုက်နေတဲ့ ရဟတ်ယာဉ် ယာဉ်မောင်းတွေ တည်းခိုတဲ့ ရိပ်သာတို့ကို Kamikaze Drone ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ကျိုက်မရောတိုက်ပွဲတွေကို အဓိက အမိန့်ပေးညွှန်ကြားနေတဲ့ စစ်ကောင်စီရဲ့ ပြည်နယ်အဆင့်အရာရှိတွေကို အဓိက ပစ်မှတ်ထားဆောင်ရွက်တာ ဖြစ်တယ်လို့ မွန်ပြည်နယ် ပကဖ ဒုတာဝန်ခံ စောထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဆေးရေးအတွင်း ထိခိုက်ဒဏ်ရာတာနဲ့ အဆောက်အဦးတချို့ ပျက်စီးမှု ရှိတယ်လို့ ကြားသိရပေမယ့် အရေအတွက် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လျှို့ဝှက်နေအိမ် တိုက်ခိုက်မှုမှာ ရတခဝင်းထဲကနေ ပေါက်ကွဲအသံတွေ ကြားရကြောင်းနဲ့ အခြေအနေ အသေးစိတ် မသိရဘူးလို့ ပြောဆိုပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ ငန်တေးရပ်ကွက်ရှိ ဝန်ကြီးများအိမ်ရာမှာ နေထိုင်တဲ့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် နေအိမ် တိုက်ခိုက်မှုမှာတော့ ဒရုန်းဗုံးတစ်လုံးဟာ ငန်တေးဂေါက်ကွင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရတခအသိုင်းအဝိုင်းရဲ့ အဆိုအရ တိုင်းမှူးနေအိမ် လာရောက်တိုက်ခိုက်တာ မှန်ကန်ပေမယ့် တော်လှန်ရေးအင်အားတွေရဲ့ ဒရုန်းဗုံးတွေကို စစ်တပ်ဘက်က ပစ်ချနိုင်ခဲ့တဲ့အတွက် ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ သိရပါတယ်။

မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ရတခရဲ့ ၆၂ နှစ်ပြည့် တိုင်းမွေးနေ့ပွဲ ကျင်းပနေစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ပွဲပျက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီဟာ မော်လမြိုင်မြို့အတွင်း လုံခြုံရေးတင်းကျပ်ထားသလို ကင်းလှည့်တာနဲ့ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.