ရန်ကုန် – ဒီဇင်ဘာ ၂

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်မှာ လူတစ်စုက အမျိုးသား ၂ ဦးကို သေနတ်ပြခြိမ်းခြောက် ဖမ်းဆီးပြီး ကျပ်ငွေ သိန်း ၁၀၀၀ လုယက်သွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက် မဟာဗန္ဓုလလမ်း နဲ့ ၄၁ လမ်းထိပ်မှာ အမျိုးသားနှစ်ဦးကို သေနတ်ပြဖမ်းဆီးပြီး ငွေလုယက်သွားတာလို့ ဆိုပါ တယ်။

“လက်တလောတော့ ပိတ်ဆို့ရှာဖွေတာတွေလုပ်နေတယ်။ ပြန်ပေးဆွဲသွားတဲ့ကားကိုလည်း CCTV တွေကနေ ခြေရာခံပြီး လိုက်နေပါတယ်။ လောလောဆယ်အထိတော့ ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ဦးခင်မောင်ဝင်းဆိုသူဟာ ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက် မဟာဗန္ဓုလလမ်းနဲ့ ၄၁ လမ်းထိပ်မှာရှိနေချိန် အဖြူရောင် အငှားယာဉ်ပေါ်က လူတစ်စုဆင်းလာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ သူနဲ့အတူ တခြားအမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးသွားသူတွေကိုတော့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.