ထားဝယ်၊ ဒီဇင်ဘာ ၂

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ပေါက်တိုင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီ ပေါက်တိုင်းစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ထားဝယ်ခရိုင်အမှတ်(၁) တပ်ရင်း ဦးဆောင်တဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန် ၁ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပေါက်တိုင်းကျေး ရွာက နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပေမယ့် အရပ်သားထိခိုက်တာမရှိဘူးလို့ နွေဦးပြောက်ကျား တပ်ဖွဲ့ တာဝန်ခံကလည်း ပြောဆိုပါတယ်။

ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ သတ်ဖြတ်တာတွေအပြင် တန်းဖိုးရှိ ပြည်သူပိုင်ပစ္စည်းတွေကို သိမ်းယူတာတွေ မကြာခဏကျူးလွန်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ ထားဝယ်မြို့နယ်က စစ်ကောင်စီလက်အာက်ခံ တပ်သားတွေအနေနဲ့ ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဟာ ထားဝယ်မြို့မှာ လုံခြုံရေး တိုးမြှင့်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.