သထုံ၊ ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့(စရဖ) သတင်းပေးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၅၀ အရွယ် စရဖ သတင်းပေး ဦးသန်းနိုင်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က ကျိုက္ကော်ရပ်ကွက် တိုင်ကောက်လမ်းဝရှိ မုန့်ဟင်းခါးဆိုင်ကအထွက်မှာပဲ အမည်မသိလူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးသန်းနိုင်ဟာ ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးသန်းနိုင်ဟာ စရဖသတင်းပေး လုပ်ဆောင်နေတာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီးလို့ ပြောဆိုနေကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ ဒီအချက်အလက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဦးသန်းနိုင်ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့ဝင်နဲ့ စရဖအဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာတွေရှိခဲ့သလို သိမ်ဆိပ်-ဝင်းပလမ်း၊ ကျိုက္ကော်-သထုံလမ်းတွေမှာလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာ ခရိုင်ချင်းဆက်လမ်းပေါ်မှာ စရဖသတင်းပေး ဦးဝင်းဇော် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သထုံမြို့နယ်မှာ အခုလ နိုဝင်ဘာ ပထမအပတ်ကစပြီး စစ်ကောင်စီတပ်ကနေ ညတိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.