ပန်ဆိုင်း၊ နို၀င်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အထူးဒေသ (၁) မုံးကိုးခရိုင် ၊ မိုင်းပေါ်ဒေသ ၊ ပန်ဆိုင်းမြို့ရဲ့ အုပ်ချုပ်မှုယန္တရား ပြန်လည်ထူထောင်ခဲ့ပြီလို့ မုံးကိုးခရိုင်က နို၀င်ဘာ ၂၉ ရက်နေ့မှာ ထုတ်​ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ပန်ဆိုင်းမြို့ရဲ့ အုပ်ချုပ်‌ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းထူထောင်ရေး အစည်းအဝေးကို အုပ်ချုပ်ရေးရုံးမှာ ကျင်းပခဲ့တာပါ။

အဲဒီ အစည်းအဝေးကို သက်ဆိုင်ရာတာ၀န်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ကြပြီး အစည်းအဝေးမှာ မုံကိုးခရိုင်ပါတီကော်မတီ ဥက္ကဌက ပန်ဆိုင်းမြို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုရာထူးခန့်အပ်မှုနဲ့ တာဝန်ခွဲဝေမှုများကို ညွှန်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေဖြစ်တဲ့ လူမှုစည်းကမ်းတွေ ပြန်လည် ထူထောင်ဖို့၊ ပြည်သူတွေကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်စေဖို့နဲ့ စာသင်ကျောင်းတွေ ပြန်လည်စတင်ပြီး ကလေးသူငယ်တွေကို စာသင်ကျောင်းသို့ အမြန်ဆုံးပြန်ရောက်စေဖို့တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့က ပြီးခဲ့တဲ့ နို၀င်ဘာ ၁၉ ရက်နေ့မှာ ပန်ဆိုင်းနယ်စပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ​ဖြစ်ပြီး လက်ရှိအချိန်မှာတော့ပန်ဆိုင်းမြို့ကို ပြန်လည်ထူထောင်နိုင်ခဲ့တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.