ကျိုက်မရော၊ နိုဝင်ဘာ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ်(၅၅၇) ခြေမြန်တပ်ရင်းက တပ်ရင်းမှူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း စနိုက်ပါထိမှန် သေဆုံးသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။
တနင်္သာရီမြို့နယ်အခြေစိုက် ခမရ (၅၅၇) တပ်ရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲအတွင်း နယ်မြေရဲစခန်းလက်မလွှတ်ရဖို့အတွက် ရဟတ်ယာဉ်နဲ့ စစ်ကူပို့ထားတဲ့ တပ်ရင်းတစ်ခုဖြစ်ပါတယ်။
ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့ ခမရ (၅၅၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ နိုဝင်ဘာ ၂၀ ရက်နေ့လောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒရုန်းဗုံးထိမှန်ခဲ့တဲ့အတွက် ရင်ဘတ်နဲ့ကျောကုန်းတွေမှာ မိုင်းစထိမှန် ဒဏ်ရာရရှိထားတာပါ။
အဲဒီနောက် ရဲစခန်းလက်မလွှတ်ဖို့ အထိုင်ချကွပ်ကဲခဲ့တဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ ခံစစ်အတွက် တပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေစဉ် စနိုက်ပါ ပေါင်ကျည်ထိမှန်ဒဏ်ရာရပြီးနောက် နာရီဝက်အကြာမှာပဲ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သေဆုံးမှုဟာ စခန်းအတွင်း ကုသဖို့ဆေးဝါးမရှိတာ၊ စစ်ကူထပ်မပို့နိုင်တာ၊ အချိန်မီမကယ်ထုတ်နိုင်တဲ့အတွက် မသေသင့်ဘဲ သေဆုံးရတာလို့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လူပျိုကြီးဖြစ်တဲ့ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ ရခိုင်နဲ့ကရင်ပြည်နယ်တိုက်ပွဲတွေမှာလည်း ဆင်နွှဲဖူးသလို စစ်ရေးထူးချွန်သူတဲ့ တပ်ရင်းမှူးတစ်ဦးဖြစ်ပြီး အနစ်နာခံမှုကြောင့် တပ်ဖွဲ့ဝင်တွေရဲ့ ချစ်ခင်ယုံကြည်ရရှိထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းကို မြန်မာစစ်တပ်က ဗိုလ်မှူးကြီးရာထူးအပြင် သီဟသူရဘွဲ့ပေးအပ်ခဲ့တယ်လို့ တပ်တွင်း သတင်းအရင်း အမြစ် တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါပေမဲ့ သူရဲ့အလောင်းကိုတော့ ချောင်းနှစ်ခွရဲစခန်းအနီးပတ်ဝန်းကျင်အတွင်း ရဟတ်ယာဉ်မဆင်းရဲတာကြောင့် ပြန်လည်သယ်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရက်ပေါင်း ၂၀ နီးပါအကြာ ဖြစ်ပွားနေတဲ့ ချောင်းနှစ်ခွတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးထားပြီး စစ်ကူလာတဲ့ တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်း အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Lion Battalion Commanda