ကော့ကရိတ်၊ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အံဖလေးကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ပြီး ကိုရင်နှစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့ လှိုင်ဝအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၂) အမြောက်တပ်ကနေ ကော့ကရိတ်မြို့ တောင်ဘက် အံဖလေးကျေးရွာထဲကို နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲက လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင် အံဖလေးကျေးရွာက သက်တော် ၁၆ နှစ်နဲ့ သက်တော် ၁၄ နှစ်ရှိ ကိုရင်နှစ်ပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကာ ဘုန်းကြီး ကျောင်းဆောင်နဲ့ ရေချမ်းစင်တို့လည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၀ အရွယ် အဖိုးဦးထွန်းရင်နဲ့ မြေးမြစ်သူ အသက် ၁၅ အရွယ် မောင်ဖြိုးမင်းခန့်တို့ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့ အမှတ်(၁) ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃ အရွယ်ကလေးငယ် တစ်ဦးအပါအဝင် မိသားစု ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို အမြဲလိုလိုပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေ နေရပ်ရွှေ့ပြောင်းနေထိုင်ရတာတွေ ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.