ဆိုးလ်၊ နိုဝင်ဘာလ ၂၉
အမေရိကန်နိုင်ငံရဲ့ သမ္မတအိမ်ဖြူတော်၊ပင်တဂွန်နဲ့ Norfolk မှာ အခြေစိုက်ထားတဲ့ လေယာဉ်တင် သင်္ဘောရေတပ်စခန်းတွေကို သူလျှိုဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ မြောက်ကိုရီးယား ခေါင်းဆောင် လက်ခံရရှိထားတယ်လို့ KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့ ပထမဆုံး ထောက်လှမ်းရေးဂြိုလ်တုကို နိုဝင်ဘာလအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာပါ။
KCNA က ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်အပါအဝင် အမေရိကန် စစ်အခြေစိုက်စခန်းတွေရဲ့ ကောင်းကင်ဓာတ်ပုံတွေကို ရိုက်ကူးထားတာဖြစ်ပြီး အဲဒီ နေရာတွေကို အဓိက ပစ်မှတ်နေရာတွေအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် KCNA သတင်းမှာ အမေရိကန်အနောက် ပစိဖိတ်ဒေသရှိ ဂူအမ်ကျွန်းရှိ Andersen လေတပ်အခြေစိုက်စခန်း၊Norfolk နဲ့ Newport မှာရှိတဲ့ အမေရိကန် သင်္ဘောကျင်းအပါအဝင် လေတပ်စခန်းတွေကို စစ်ဆေးချိန်မှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ၄ စင်း နဲ့ ဗြိတိန်လေတပ် သင်္ဘောတစ်စီးကို တွေ့ရှိထားတယ်လို့ မစ္စတာကင်မ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုလ်တုလွှတ်တင်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဂြိုလ်တုလွှတ်တင်မှုဟာ ပဲ့ထိန်းနည်းပညာအသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး ရှုတ်ချ ထားပါတယ်။
တောင်ကိုရီးယားအာဏာပိုင်တွေကတော့ မြောက်ကိုရီးယားဂြိုလ်တုရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့ အသိပေးထားပါတယ်။
Ref – Reuters