ဝေါ၊ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော် လှန်ရေးအင်အားစု တာဝန်ရှိသူထံကနေ သိရပါတယ်။
အဲဒီနေ့မနက် ၆ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အချိန် ၃ နာရီနီးပါးကြာမြင့်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၊ရဲနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် စခန်းသိမ်းပိုက်နိုင်ခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သူရဲသမိန်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး စခန်းမီးရှို့ဖျက်ဆီးဖို့ ပြင်ဆင်နေချိန်မှာ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော် မြစ်ကျိုးနဲ့ဝေါဘက်ကနေ စစ်ကူဆင်းလာတဲ့အတွက် ဒေသခံတွေဟာ နေအိမ်တွေမှာပဲ ပုန်းခိုနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ဝေါမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media