ရန်ကုန်၊ နိုဝင်ဘာ ၂၈

တစ်နိုင်ငံလုံးအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေက စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေထဲမှာ တပ်စွဲအထိုင်ချတာ ပိုများလာတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အထက (၁)၊ အထက (၃)၊ အလက(၇)၊အမက (၄) တို့မှာ ပြီးခဲ့တဲ့ အပတ်အတွင်းမှာ တပ်စွဲဝင်ရောက်လာတာ ဖြစ်ပါတယ်။

အလားတူ တာမွေ၊ တိုက်ကြီး၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာ၊ ဒေါပုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်နဲ့ သင်္ဃန်းကျွန်းတို့က စာသင်ကျောင်းတွေမှာလည်း ဝင်ရောက်တပ်စွဲလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက စစ်ဆေးတာတွေ လုပ်ဆောင်နေသလို အင်အားအနည်းငယ်နဲ့ နေရာယူထားတာတွေ ရှိလာတယ်လို့ ကျောင်းသားတစ်ဦးက ပြောပြပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ စစ်ကောင်စီတပ်နဲ့ ရဲပူးပေါင်းအင်အား ၃၀ နီးပါး စတင်ဝင်ရောက် တပ်စွဲလာတယ်လို့ စစ်တွေမြို့ခံထံက သိရပါတယ်။

စစ်ကောင်စီဘက်က အခုလိုတပ်စွဲလာတာကြောင့် ကျောင်းတက်ဖို့ပြင်ဆင်နေသူတွေအတွက် အခက်အခဲဖြစ်လာပြီး ဒေသခံတွေကလည်း တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ စစ်တွေမြို့ခံတစ်ဦးက သံလွင်တိုင်းကို ပြောပါတယ်။

“အဲဒီမှာနေတဲ့ ဝန်ထမ်းတွေရဲ့ဘဝကလည်း ဘယ်လိုမှလုံခြုံမှုမရှိတော့ဘူးလေ။ တကယ်တမ်းဖြစ်ပြီဆိုလို့ရှိရင် ဒီပီဒီအက်ဖ်နဲ့ပဲဖြစ်ဖြစ် အေအေနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲမူတည်နေတာက စစ်တပ်ကဘယ်နားမှာရှိနေလဲဆိုတဲ့ အနေအထားပေါ်မူတည်နေတာဆိုတော့ စစ်တပ်ရှိတဲ့နေရာကိုလာပြီးတိုက်မှာပေါ့နော်။ အဲဒီနေရာမှာအများကြီး ထိခိုက်မှုရှိတယ်ပေါ့နော်။ အခုကတော့အဲဒီလိုမျိုး အခိုင်အမာတပ်စွဲထားတာဖြစ်တဲ့အတွက်ကြောင့် ဒေသခံတွေလည်း တော်တော်လေးကို ကြောက်လန့်နေကြတယ်။ စစ်တွေကိုမရောက်သေးတဲ့ ကလေးတွေကျတော့လည်း ကျောင်းတက်ဖို့ကိစ္စတို့ အဲဒီဟာတွေကို မသွားရဲကြတော့ဘူး အဲဒီလိုဖြစ်နေတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းစကတည်းက စစ်ရေးပြင်းထန်တဲ့ဒေသတွေရဲ့ စာသင်ကျောင်း၊ တက္ကသိုလ်၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကြာပြီးတဲ့နောက် စတင်လာတဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေမှာ အရေးနိမ့်လာတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေကို မြို့ပေါ်က စာသင်ကျောင်းတွေမှာ စတင်တွေ့ရှိလာရတာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီတပ်က မြို့ပေါ် စာသင်ကျောင်းတွေမှာ တပ်စွဲတာဟာ မြို့တွင်းခုခံကာကွယ်ရေးဗျူဟာကို ပြောင်းလာတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက မြို့ပြကာကွယ်တဲ့ ခံစစ်အနေအထား ခံစစ်ပြင်နေပြပေါ့ဗျာ။ အဲဒီအခါကျတော့ မြို့ပေါ်မှာ တပ်ရင်းဌာနချုပ်တွေ၊ တိုင်းဌာနချုပ်တွေ ရှိတဲ့နေရာလောက်ကို တပ်အင်အားစုစည်းထားရုံနဲ့ မလုံ လောက်တော့ဘူး။ မြို့ပေါ် မှာအရေးကြီးတဲ့ စစ်နေရာမှန်သမျှကို သူ့အနေနဲ့ လုံခြုံရေးအရ နေရာယူထားရမယ့် အနေအထားဖြစ်တယ်။ အဲဒီတော့ အသင့်ရှိပြီသား ကတုတ်ကျင်းဆောက်စရာမလိုတဲ့ နေရာတွေကတော့ ကျောင်းတွေ၊ ဆေးရုံတွေ အဲဒီလိုအဆောက်အဦး ခိုင်ခိုင်ခံ့ခံ့ရှိတဲ့ အင်အားစုတွေ အဲဒီလိုနေရာတွေမှာ သူ့အနေနဲ့ နေရာယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါဟာမြို့တွင်းခုခံကာ ကွယ်ရေးဗျူဟာကို လုပ်ဆောင်လာတာဖြစ်ပါတယ်” လို့ပြောပါတယ်။

ရန်ကုန်မြို့မှာလည်း စစ်ကောင်စီရဲ့ ကျောင်းတွင်းတပ်စွဲမှုတွေကြောင့် ကလေးငယ်တွေ ကျောင်းတက်တာနည်းသွားပြီး ကျောင်းအနီးပစ်ခတ်ပေါက်ကွဲမှုတွေ ဖြစ်လာမှာကို ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။

မြို့ပြတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG Association (YUA)တာဝန်ခံ ဆရာကျောင်းက စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေအတွင်း ဝင်ရောက်တပ်စွဲမှုဟာ ပစ်ခတ်မှုတွေ ဖြစ်ပွားပါက နိုင်ငံတကာကို ဝါဒဖြန့်ဖို့လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

” ပြည်သူတွေကြားထဲကို သူတို့ဝင်နေလိုက်တယ်ပေါ့ ဒါပါပဲဗျ။ ရဲစခန်း သို့မဟုတ် စစ်တပ်ဝင်း၊ စစ်တပ်ဂိတ်တွေ ဆိုရင် UG ပဲဖြစ်ဖြစ်၊ တခြားအဖွဲ့တွေပဲဖြစ်ဖြစ် ဒါပစ်မှတ်ထားလို့ ကောင်းတယ်ပေါ့နော်။ စာသင်ကျောင်းကို သွားလုပ်တယ်ဆိုရင်တော့ အခုလွိုင်ကော်လိုဖြစ်ရပ်မျိုးတွေမှာ သူတို့ အော်ကြမယ်ပေါ့နော်။ ဝါဒဖြန့်မယ်၊ သူတို့နိုင်ငံတကာကို ဝါဒဖြန့်မယ် ဒါပါပဲဗျ။ စာသင်ကျောင်းဆိုတဲ့ဟာမျိုးကလည်း နေရာတိုင်းမှာ ရှိနေတဲ့အခါကျတော့ နည်းနည်းလေးတော့ ပိုပြီးအားထုတ်ရမယ်ပေါ့နော်” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က လွိုင်ကော်မြို့ တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တက္ကသိုလ်အတွင်း ပိတ်မိနေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကယ်ထုတ်ခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပညာရေးဝန်ထမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်သလို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာလည်း ရှုတ်ချကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကတော့ မြန်မာစစ်တပ်ဟာ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတို့လို အရပ်သားပစ်မှတ်တွေကို ရန်သူပစ်မှတ်အဖြစ် အကြောင်းပြပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ သက်သေအထောက်အထားများစွာ ရရှိထားကြောင်း ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်မ်းက လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ ပြည်တက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၊ လှိုင်၊ မိုးညှင်း၊ ကလေးနဲ့ အခြားတိုင်းနဲ့ပြည်နယ်တက္ကသိုလ်ဝင်ပေါက်တွေမှာ စခန်းချတပ်စွဲခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိအချိန်မှာ နိုင်ငံတကာစစ်ဥပဒေ၊ နိုင်ငံတကာစစ်ရေး လုပ်ငန်းစဉ်တွေကို ဂရုမစိုက်တော့ဘဲ နယ်မြေလက်မလွှတ်ရေးကိုသာ ဦးစားပေးပြင်ဆင်လာတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့နီးစပ်ရာကို အတတ်နိုင်ဆုံးရှောင်ရှားကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Getty Image

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.