ဟန်နွိုင်း၊ နိုဝင်ဘာ ၂၉

ဗီယက်နမ်သမ္မတ ဗိုဗန်တောင်ဟာ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်း ဗီယက်နမ်နဲ့ ဂျပန်ရဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် နိုဝင်ဘာ ၂၇ ရက်နေ့မှာ တရားဝင်မြှင့်တင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

တရုတ်နဲ့ အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကြားမှာ တချို့သော ကုမ္ပဏီတွေက တရုတ်နိုင်ငံမှ လုပ်ငန်းတွေကို ပြောင်းရွှေ့နေရာချထားတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖော်ဆောင်နိုင်ဖို့ ဗီယက်နမ်ရဲ့ မဟာဗျူဟာမြောက် အခန်းကဏ္ဍကို အလေးပေးဖော်ပြထားပါတယ်။

“ဒါဟာ အရေးကြီးတဲ့ လှုပ်ရှားမှုအဖြစ် ဗီယက်နမ်-ဂျပန် ဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်”လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ သူကပြောခဲ့ပါတယ်။

အရင်က ဗီယက်နမ်ရဲ့ ရန်သူဖြစ်တဲ့ အမေရိကန်နဲ့ ဆီမီးကွန်ဒတ်တာတွေအပါအဝင် အရေးပါတဲ့ ဓာတ်သတ္တုတွေမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို စက်တင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင်ဆက်ဆံရေး အဆင့်မြှင့်တင်ခဲ့ပြီးနောက် ဂျပန်နဲ့ဆက်ဆံရေး အခုလိုတိုးမြှင့်လိုက်တာပါ။

ဗီယက်နမ်ဟာ တရုတ်၊အိန္ဒိယ၊ရုရှား၊တောင်ကိုရီးယားနဲ့ အမေရိကန်တို့နဲ့ ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်နိုင်ငံတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဂျပန်ဟာ ဗီယက်နမ်ရဲ့ တတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်ဖြစ်ပြီး စတုတ္တမြောက် အကြီးဆုံးကုန်သွယ်ဖက်အဖြစ် နှစ်နိုင်ငံကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန် ဒေါ်လာ ၅၀ ဘီလျံအထိရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကန်နွန်၊ ဟွန်ဒါ၊ ပန်နာဆိုးနစ်နဲ့ဘရိုက်စတုန်း ကဲ့သို့သော ကုမ္ပဏီတွေဟာ ဗီယက်နမ်မှာ ဂျပန်ရဲ့အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံတွေဖြစ်ကြပြီး အာရှမှာ စီးပွားရေးအလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ ဒေသတွင်း ကုန်ထုတ်လုပ်မှု အချက်အခြာနေရာလည်း ဖြစ်လာခဲ့ပါတယ်။

ဗီယက်နမ်နဲ့ ဂျပန်နှစ်နိုင်ငံလုံးဟာ တရုတ်နဲ့ ပင်လယ်ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်နေပြီး ဗီယက်နမ်အတွက် ကင်းလှည့်သင်္ဘောခြောက်စင်း တည်ဆောက်ဖို့ ဂျပန်မှချေးငွေ အမေရိ ကန်ဒေါ်လာ ၃၄၈ သန်းကို ၂၀၂၀ ခုနှစ်မှာ ပေးအပ်ခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.