ကိုးကန့်၊ နိုဝင်ဘာ ၂၈

စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ စတင်လိုက်တဲ့ နိုင်ငံမြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီတပ်ကို နာလန်မထူနိုင်အောင် ချုံးချုံးကျစေပြီး အခုဆိုရင် စစ်ဆင်ရေး တစ်လပြည့်ပြီး ဖြစ်ပါတယ်။

အောက်တိုဘာနှောင်းပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA တို့ဟာ စစ်ကောင်စီတပ်ကို စစ်ကြေညာချက်နဲ့အတူ ရှမ်းမြောက်ရှိ စစ်ရေးအရအရေးပါတဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီစစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့သာမက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပါဝင်သလို အခြားသောတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ NUG ရဲ့ PDF တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်နေကြပါတယ်။

စစ်ဆင်ရေးရဲ့ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်သာမက စစ်ကိုင်းနဲ့ချင်းအပါအဝင် ကရင်နီနဲ့ ရခိုင်ဒေသတွေအထိ စစ်ဘောင်ကျယ်လာပြီး စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ တပ်စခန်းတွေ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။

အခုဆိုရင် ရှမ်းမြောက်က မြို့ ၆ မြို့အပါအဝင် စစ်ကိုင်းက ကောလင်းနဲ့ ခမ်းပတ်၊ ချင်းကရိခေါ်ဒါရ်နဲ့ လိုင်လင်းပီ၊ ကရင်နီပြည်နယ်မှာတော့ မယ့်စဲမြို့တို့ကို ဒေသတွင်းတိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားတာပါ။

CDM လေတပ် တပ်ကြပ်ကြီးဇေယျက စစ်တပ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုပဲလုပ်ပြီး စိတ် ဓာတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို မလုပ်ခဲ့တဲ့အတွက် အခုချိန်မှာလုံးဝနာလန်မထူနိုင်တော့ဘဲ သွေးပျက်တဲ့ အနေအထားရောက်နေပြီလို့ သုံးသပ်ပါတယ်။

“သူတို့က (စစ်တပ်) Standard Army ဆိုပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပဲလုပ်တာ။ စိတ်ဓာတ်ပိုင်းဆိုင် ရာဖွံ့ဖြိုးမှု မလုပ်ခဲ့တဲ့အတွက် အခုလိုအချိန်မှာ လုံးဝနာလန်မထူနိုင်ဘူး။ နောက်တစ်ခုက ပြည်သူ လူထုရဲ့ထောက်ခံမှု လုံးဝမရှိတဲ့အတွက် ဒီစစ်ပွဲကသူတို့လုံးဝမနိုင်ဘူး။ အဲဒီတော့ ဘယ်လိုမှကို သူတို့လက်ရှိ အသိမ်းခံရတဲမြို့ တွေကို သူတို့ပြန်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်စရာအကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ အခုသူတို့ အဓိလုပ်နေတာက ခံစစ်ပြင်နေတဲ့ အနေအထားပဲရှိတယ်။ တချို့တပ်တွေ၊ ဒေသတွေမှာဆိုရင် တိုက်တောင်မတိုက်ရသေးဘူး။ အသံထွက်နေတာပဲ ရှိသေး။ သူတို့တပ်မိသားစုဝင်တွေကို လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းထားတယ်ဆိုတဲ့ ပုံစံမျိုးတွေ ကျွန်တော်တို့ သတင်းတွေရထားတယ်။ သူတို့အခြေအနေကတော့ တော်တော်ကို ဆိုးရွားတဲ့အခြေအနေတစ်ခု ရောက်နေပြီ၊ သူတို့အထဲမှာလည်း လုံးဝသွေးပျက်တဲ့ အနေအထားဖြစ်နေတယ်”လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်ရင်းတပ်ရင်းလုံးရှိ စစ်သည်တွေနဲ့ မိသားစုဝင်တွေ ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချအလင်းဝင်သွားခဲ့တဲ့ ဖြစ်ရပ်ဟာ မြန်မာစစ်တပ်သမိုင်းမှာ ပထမဆုံးဖြစ်စဉ်ပါ။

ဒါ့အပြင် စစ်ဆင်ရေးအတွင်း ရှေ့တန်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းတွေဟာ နာရီပိုင်းမျှသာ တိုက်ခိုက်ရပြီး စစ်ကောင်စီတပ်သားတွေ လက်နက်ချအညံ့ခံတာ၊ ထွက်ပြေးတာတွေရှိခဲ့သလို စစ်လက်နက်ပစ္စည်းမြောက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုဝင်ဘာ ဒုတိယပတ်အတွင်း ဌာနချုပ် နေပြည်တော်ကို တစ်နိုင်ငံလုံးရှိ ထိုးစစ်ကနေ ကကွယ်နိုင်ဖို့ မန္တလေး၊ပဲခူးနဲ့ ရန်ကုန်မှာရှိတဲ့ တိုက်ခိုက်ရေးတပ်အင်အား ၁၀,၀၀၀ ဝန်းကျင်ကို ပို့ဆောင်ထားတယ်လို့ ဧရာဝတီသတင်းဌာနက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အခြားဒေသတွေကနေ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို လျှို့ဝှက်နဲ့ ပြန်လည်ခေါ်ယူနေသလို နေပြည်တော်က အရပ်သားဝန်ထမ်းတွေကိုလည်း အစောင့်တပ်အဖြစ် ဖွဲ့စည်းနေတယ်လို့ ဒေသခံတွေ၊ ဝန်ထမ်းတွေနဲ့စစ်ဘက်က သတင်းရင်းမြစ်တွေ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားတာပါ။

နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေ လျင်တပ်ရင်းအပါအဝင် တပ်စွဲထားတဲ့ စခန်းတွေအားလုံးကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ တစ်နိုင်ငံလုံးအဆင့် စစ်ဆင်ရေးအဖြစ် Nationwide Operation ကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန်မှာ နောက်တစ်ဆင့်တက်ဖို့ အသင့်ဖြစ်နေပြီလို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အသိပေးကြွေးကြော်ထားတာပါ။

နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ၁၀၂၇ စစ်ဆင်ရေးဟာ နိုင်ငံရဲ့ အရှေ့မြောက်တစ်ခုလုံးကို လွှမ်းခြုံသိမ်းပိုက်တဲ့အထိ မရှိသေးတာကြောင့် နေပြည်တော်ကိုသိမ်းနိုင်ဖို့ စစ်ဆင် ရေးဒုတိယအဆင့်မှာ ကျန်ရှိတဲ့ဒေသတွေကို သိမ်းပိုက်ဖို့လုပ်ရဦးမယ်လို့ သုံးသပ်ပါတယ်။

“အရှေ့မြောက်တစ်ခုလုံးကို ခြုံသိမ်းနိုင်မယ်ဆိုရင် ဒီနေ့လောက်ကိုင်ကို မသိမ်းနိုင်သေးပါဘူး။ နောက်တစ်ခုက လားရှိုးကိုမသိမ်းနိုင်သေးပါဘူး။ မူဆယ်ကိုလည်း တစ်မြို့နယ်လုံးသိမ်းပိုက်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ အဲဒီတော့ ၁၀၂၇ စီမံကိန်းရဲ့ ဒုတိယအဆင့်မှာ အဲဒါတွေထပ်ပြီးတော့ လုပ်ရဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ ကြွေးကြော်သံဟာ စိတ်ဓာတ်ရေးရာအရ တွန်းအားပေးနိုင်တဲ့ ကြွေးကြော်သံတစ်ရပ်ဖြစ်ပြီး တစ်ပြည်လုံးကနေပြီးတော့ လှုပ်ရှားနိုးကြွလာနိုင်ပေမယ့် လက်တွေ့အဓိပ္ပာယ်အရ စစ်ရေးအရ နေပြည်တော်ကို သိမ်းပိုက်နိုင်တဲ့ အထွေထွေတစ်ပြည်လုံးဆိုင်ရာ ထိုးစစ်အထိသွားဖို့ကတော့ ခြေလှမ်းတချို့ ပြင်ဆင်ရဦးမှာဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ စစ်ဆင်ရေးတစ်လတာအတွင်း ကိုးကန့်အထူးဒေသ (၁) ဟာ ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိဖို့ လက်တစ်လှမ်းအလိုရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့ရဲ့ အိမ်ပြန်တိုက်ပွဲဖြစ်လာမယ့်လောက်ကိုင်မြို့သိမ်းတိုက်ပွဲကလည်း မကြာမီလာတော့မယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့ ည ၁၁နာရီခွဲမှာ အသိပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့နေ့မှာတော့ မူဆယ်မြို့နယ် စစ်ကောင်စီရဲ့ နမ့်ပေါတံတားတပ်စခန်းကို တအာင်းတပ်မတော် TNLA က မနက် ၃ နာရီခွဲမှာ တိုက်ခိုက်ခဲ့သလို ကျောက်မဲမြို့နယ် နားခေါ်/ကောင်း မူးလိန်ကျေးရွာအနီးတဝိုက်မှာလည်း မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်နဲ့ တိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ် မိုင်းလီကျေးရွာမှာ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ တအာင်းတပ်မတော် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မရှိရသေးပါဘူး။

MNDAA ကလည်း တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ The Kokang မီဒီယာက ဖော်ပြပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လတာအတွင်း ရှမ်းမြောက်ရှိ ကိုးကန့်ဒေသနဲ့ တအာင်းဒေသအပါအဝင် ရခိုင်ပြည်နယ်တို့မှာ စစ်ကောင်စီတပ်စခန်း ကြီးငယ်ပေါင်း ၂၆၀ ကျော် သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.