ထားဝယ် – နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်အခြေစိုက် ကျောက်မဲတောင် စခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက် က ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းကစတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ၇ နာရီဝန်းကျင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ မေတ္တာမြို့နယ်ရဲစခန်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကျောက်မဲတောင်ကျေးရွာက ဒေသခံ ၂ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေက ကျောက်မဲတောင်ရဲစခန်းကို သိမ်းပိုက်နိုင်ဖို့အထိ ကြိုးပမ်းခဲ့ကြပေမယ့် ကျည်အခက်အခဲအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းပိုက်နိုင်တာမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ထားဝယ် ပကဖ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက မကြာခဏတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် စစ်ကောင်စီဟာ မြို့ဝင်ထွက်နေရာတွေကို လုံခြုံရေးတိုးမြှင့်ထားသလို ဘန်ကာတွေလည်း အခိုင်အမာ တည်ဆောက်ထားတယ်လို့ သူက ပြောပါသေးတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ထားဝယ်မြို့ ရှင်ဓာတ်ဝဲဘုရားအနီးက စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရတာကြောင့် ၆ ဦးထက်မနည်းသေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါင်းမင်းစစ်ဆင်ရေး/ထား၀ယ်စုပေါင်းစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.