ကော့ကရိတ်၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ ပါဝင်နေကြသူတွေ အားလုံးထွက်ခွာသွားကြဖို့ KNU က နောက်ဆုံးအကြိမ် သတိပေးပြီးနောက် ဝန်ထမ်းတချို့ KNU နယ်မြေမှာ လာရောက်ခိုလှုံတာတွေလည်း ရှိနေတယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြော ဆိုချက်တွေအရ သိရပါတယ်။

KNU ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ ဝေါ်လေမြို့၊ စုကလိမြို့နဲ့ ကော့ကရိတ်မြို့ တွေက စစ်တပ်အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ယန္တရားတွေမှာ ပါဝင်နေကြသူတွေအားလုံးအနေနဲ့ တစ်ပတ်အတွင်း ထွက်ခွာသွားကြဖို့ KNU ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ခဲ့တာပါ။

သတိပေးချက်ထုတ်ပြန်ပြီးနောက် KNU-ကော့ကရိတ်အုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းတချို့ သူတို့နေထိုင်ရာ မြို့ပေါ်တွေကနေ ထွက်ခွာသွားတာတွေရှိပြီး KNU နယ် မြေထဲမှာ လာရောက်ခိုလှုံတာတွေရှိတယ်လို့ KNU နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲ လာရောက်ခိုလှုံသူတွေထဲမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ဝန် ထမ်းအချို့ပါဝင်နေပြီး အရေအတွက် အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီဝန်ထမ်းတွေတချို့ ထွက်ခွာသွားတာတွေရှိနေသလို မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေမှာ ဝန် ထမ်းတွေ ရှိမနေကြတာများနေတယ်လို့ သိရပါတယ်။

လတ်တလော စစ်ရေးအခြေအနေကြောင် ကော့ကရိတ်မြို့ပေါ်ရှိ ဒေသခံပြည်သူတွေအများစုဟာ အခြားဒေသတွေဘက်ကို ပြောင်းရွှေ့ထွက်ခွာသွားသလို ကော့ကရိတ်မြို့တွင်းထဲမှာလည်း တိတ် ဆိတ်ပြီး ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်ဘက်က ခံစစ်ကို အခိုင်အမာပြင်ဆင်ထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.