လောင်းလုံး၊ နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်း လောင်းလုံမြို့နယ် သပြေရှောင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်ဆိုင်ကယ်တွေနဲ့ ရေလုပ်သားတဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ သပြေရှောင်ကျေးရွာထဲကို ထားဝယ်မြစ်ရေလမ်းကြောင်းအတိုင်း နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သပြေရှောင်ကျေးရွာက ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေအပြင် ဆိုင်ကယ် ၂၁ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေချိန် နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ည ၈ နာရီအချိန်ခန့်မှာ ထားဝယ်မြစ်ဘေးမှာရှိတဲ့ သပြေရှောင်ကျေးရွာက ရေလုပ်သားတဲ ၁၈ လုံးကိုလည်း စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့တာပါ။
ဆိုင်ကယ်တွေနဲ့ ရေလုပ်သားတဲတွေ မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေနဲ့ ဈေးဆိုင် နံရံတွေမှာ”PDF အားပေးရင် ဒီထက်ပိုဆိုးမယ်၊ ဆန္ဒထပ်ပြရင် ဒီထက်ပိုဆိုးမယ်”ဆိုတဲ့ ခြိမ်းခြောက်စာတွေ ရေးသားသွားပါတယ်။
မီးရှို့ဖျက်ဆီးပြီးနာက် စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်အဖွဲ့(ဒေသအခေါ်)ပျူစောထီးတွေ အားကောင်းတဲ့ ကျောက်နီမော်ကျေးရွာဘက်ကို ည ၁၀ နာရီဝန်ကျင်းမှာ ပြန်လည်ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာချိန် ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးခဲ့ရပြီး နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ ရွာထဲပြန်ဝင်လာကြပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ သပြေရှောင်ကျေးရွာကို ဝင်ရောက်လာပြီး ကျေးရွာကမ်းနားပိုင်းက ရေလုပ်သားတွေနေထိုင်တဲ့ တဲ ၂၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်စီးခဲ့သေးတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DMSC