လားရှိုး – နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်၊လားရှိုးမြို့အခြေစိုက် စစ်ကောင်စီမိုင်းကျက်တပ်စခန်းကို တအာင်းတမ်းမတော် PSLF/TNLA က သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစတင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် အစောပိုင်းမှာ တအာင်းတပ်မတော် TNLA က သိမ်းပိုက်ရရှိခဲ့တာပါ။
မိုင်းကျက်တပ်စခန်းအတွင်းက စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက် မျိုးစုံ ၇၈ လက်၊ကျည်ပေါင်းများစွာ၊ စစ်ကောင်စီတပ်သားတွေရဲ့အလောင်းမြုပ်နှံထားတဲ့ နေရာ ၅၀ ကျော်နဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေ မိုးကျက်တပ်စခန်းကို တိုက်ခိုက်နေစဉ်အတွင်း လေကြောင်းတိုက်ခိုက်မှုအဖြစ် Jet Fighter ၉၅ ကြိမ်၊Y8/Y12 – ၁၂ ကြိမ်၊Mi 35 -၁၅ ကြိမ်နဲ့ Mi 17 – ၁၅ ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးအပတ်ကစပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်စခန်း ရာနဲ့ချီ ဆုံးရှုံးထားသလို မြို့ ၈ မြို့ကိုလည်း လက်လွှတ်ထားရတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA