မြေပုံ – နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နိုဝင်ဘာ ၂၄ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ( ၁၀)ဦး သေ ဆုံးခဲ့တယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီနေ့ နေ့လည် ၃ နာရီခန့်က စစ်ကောင်စီတပ်နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၁၀ ဦး သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချအညံ့ခံမှုတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA)အနေနဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားနဲ့ ပေါက်တော မြို့နယ်တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မြေပုံမြို့နယ်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာတာပါ။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းရော၊ ရေကြောင်းကပါ တိုက်ခိုက်ခံထားရတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့ရှိ ဓားစာခံ အရပ်သားတွေကို AAက ကယ်ထုတ်နေပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး နှစ် ဖက်တိုက်ပွဲတွေဟာ အရှိန်မြင့်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အခုအချိန်မှာ ပေါက်တောမြို့ ရဖီးချပ်တောင်အနီးရှိ ရေတပ်နဲ့ စစ်တွေမြို့ အမှတ် ၁၂ ရဲတပ် ရင်းတို့ကနေ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်နေတာကြောင့် မြို့ထဲကို ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တွေ မီးလောင်ပျက်စီးမှုတွေရှိနေတယ် ညီနောင်မဟာမိတ်အဖွဲ့ က ပြောကြားထားပါတယ်။

AA ကတော့ ပလက်ဝမြို့နယ်က စစ်ကောင်စီ အခိုင်အမာချထားတဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာတို့ကို နိုဝင် ဘာလ ၁၄ ရက်နေ့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီဗျူဟာတွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ (၈)ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ရခိုင်ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ဦးထက်မနည်းရှိခဲ့ကာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀၀ကျော်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အများဆုံးမှာ စစ်တွေမြို့မှဖြစ်ပြီး သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တွေက အစဉ်လိုက်ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၄ရက် မနေ့ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်း မြို့မဈေးမီးအကြီးအကျယ်လောင်ပြီး အနီးဝန်းကျင်ရှိ လူနေအိမ်တွေလည်း မီးကူးစက်လောင်ကျွမ်းခဲ့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.