မော်လမြိုင်၊ နိုဝင်ဘာ ၂၅မွန်ပြည်နယ်ကထွက်ရှိတဲ့ နေလှန်းဆားကြမ်းတွေကို တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့ထံ တင်ပို့ရောင်းချဖို့အတွက် ကနဦးအနေနဲ့ ဆားကြမ်းနမူနာ ပို့ဆောင်ထားတယ်လို့ ဆားလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပေးပို့ထားတဲ့ ဆားကြမ်းတွေကိုတော့ သက်ဆိုင်ရာနိုင်ငံတွေက အရည်အသွေး စစ်ဆေးတာတွေ၊ လိုအပ်တဲ့ပမာဏ တွက်ချက်တာတွေအပြင် တင်ပို့နိုင်မယ့်လမ်းကြောင်းနဲ့ ကုန်ကျစရိတ်တွေအပေါ်အခြေခံပြီး ဆားကြမ်းတင်သွင်းနိုင်ဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ဆားပညာရှင်တစ်ဦးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဆားလိုအပ်ချက်ကို အပြည့်အဝမပို့နိုင်ပေမယ့် လက်ရှိအနည်းငယ်စမ်းပို့တဲ့ သဘောလောက်သာရှိသလို ဂျပန်နိုင်ငံကိုလည်း အရည်အသွေးစမ်းသပ်ဖို့ ပို့ဆောင်ပေးထားတယ်လို့ ပြောပါတယ်။
“ကိုရီးယာနိုင်ငံက သူ့နိုင်ငံမှာလိုအပ်ချက်က တန်ချိန် ၇သန်းလောက်ရှိတယ်။ နိုင်ငံတကာက တင်သွင်းတာက တန်ချိန် ၃သန်းကျော်ရှိတယ်ဗျာ။ ဒီပမာဏက မြန်မာပြည်မှာ တစ်နိုင်ငံလုံးရဲ့ ထုတ်နိုင်စွမ်းတောင်မှ မတ္ထရစ် တန် ၄သိန်းမပြည့်ဘူးဗျာ။ ဒါပေမယ့်လည်း အဲဒီနေရာမှာ သူတို့ရဲ့လိုအပ်ချက်နဲ့ သင်္ဘောတင်မယ့် ဈေးနှုန်းတွေရှိအုံးမှာပေါ့။ တန်၄၀ကိုတော့ (MOU) ထိုးပြီးတော့ စတင်ပေးဖို့ အဆင့်ကို စီစဉ်နေပါပြီ။ ဂျပန်လည်း နည်းနည်းပို့နေတယ်။ ကျွန်တော်တို့ အခုစမ်းပို့တဲ့ ဂျပန်ကိုတန် ၂၀ဆိုတာက ဆားပိဿာချိန်နဲ့မှ ၁၂၀၀၀ပဲ ရှိတယ်။ ဒါက ကျွန်တော်တို့ စမ်းပို့တာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် စမ်းသပ်ပို့ဆောင်ထားတဲ့ ဆားကြမ်းတွေကိုတော့ တဖက်နိုင်ငံတွေက လက်ခံမှသာ ဆက် လက်ပို့ဆောင်နိုင်ဖို့ ဆွေးနွေးသွားရမှာဖြစ်သလို ဆားကြမ်းထွက်ရှိတဲ့နှုန်းအပေါ် မူတည်ပြီး တင်ပို့နိုင်ဖို့အတွက် ဆွေးနွေးဖို့ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
ဆားလုပ်ငန်းရှင်တစ်ဦးကတော့ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့က ဆားကြမ်းဝယ်ယူဖြစ်ပါက ခိုင်မာတဲ့ ဈေးကွက်တစ်ခု ပေါ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။
“ယူမယ်လို့တော့ မဟုတ်သေးဘူး။ လာပြီးတော့ လေ့လာသွားတယ်။ ဆားတွေရဲ့နမူနာတွေ ယူသွားတယ်။ အဆင်ပြေလို့ရှိရင် သူတို့ကယူပေးမယ်လို့ပြောတာ တစ်ခုပဲရှိတယ်။ ကိုရီးယားက ကျွန် တော်တို့ဆားကို အဆင့်မီတယ်၊ လက်ခံတယ်ဆိုရင် သူတို့စာချုပ်မှာပေါ့လေ။ စာချုပ်ပြီးဝယ်ယူမယ်ဆို ကျွန်တော်တို့ ဆားတောင်သူတွေဟာ ဈေးကွက်ပေါ်လာတာပေါ့ဗျာ။ အဲဒီလိုဆိုရင် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ အခက်အခဲတွေက နည်းနည်းအဆင်ပြေသွားမယ်လို့ ထင်တာပေါ့။ ယူဖို့တော့မဟုတ်သေးဘူး၊ စမ်းသပ်ဖို့အဆင့်ပဲ ရှိသေးတယ်လေ”လို့ ဆိုပါတယ်။
မွန်ပြည်နယ်ဟာ နေလှန်းဆားတွေကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိကထုတ်လုပ်နေတာဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် ၄၀,၀၀၀ ကျော် ထွက်ရှိနေသလို ထွက်ရှိလာတဲ့ ဆားတွေကိုတော့ ပြည်တွင်းဈေးကွက်မှာသာ အသုံးပြုနေရပါတယ်။
ဆားလုပ်ငန်းတွေဟာ အာဏာသိမ်းကာလအတွင်း ပြည်တွင်းရှိ စက်မှုလုပ်ငန်းအများစု ရပ်နားလာတာ၊ စက်သုံးဆီအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်လာ၊ မကြာခဏ ရာသီ ဥတုဖောက်ပြန်မှုကြောင့် ပြီးခဲ့တဲ့နှစ်တွေက အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ