ဘားအံ၊ နိုဝင်ဘာ ၂၅

နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားသလို စစ်ဆေးမှုတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေဟာ ဘားအံမြို့အပေါ်အထိ ကူးစက်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်က အဝင်အထွက်နေရာတွေမှာ အင်အားတိုးမြှင့်ချထားပြီး လမ်းသွားလမ်းလာပြည်သူတွေကိုလည်း ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

မြို့ခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ မြို့အတွင်းဝင်ရောက်လာသူတွေရဲ့ ဖုန်း၊ ဆိုင်ကယ်၊ လက် ကိုင်အိတ်ကအစ အသေးစိတ်စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး မသင်္ကာတဲ့သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘားအံမြို့ရဲ့ အစိုးရရုံး၊ လွှတ်တော်နဲ့ဌာနဆိုင်ရာရုံးတွေအပြင် စစ်ကောင်စီတပ်မ (၂၂) ဌာနချုပ်အနီး ပတ်ဝန်းကျင်မှာလည်း တပ်အင်အား အများအပြားချထားသလို စစ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို စုံစမ်းသိရှိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ဘားအံ-ရန်ကုန် ကားလမ်းပေါ်မှာရှိတဲ့ သံလွင်တံတားစစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမှုတွေ တင်းကျပ်ထားတယ်လို့ ခရီးသွားလာနေသူထံကနေ သိရပါတယ်။

ဘားအံမြို့ဟာ KNU အုပ်ချုပ်နယ်မြေရဲ့ တပ်မဟာ ၇ ဘားအံခရိုင် နယ်မြေထဲမှာတည်ရှိနေပြီး ဘားအံခရိုင်တစ်ခုထဲမှာသာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်မှုရှိနေတာကို တွေ့ရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.