နေပြည်တော်၊ နိုဝင်ဘာ ၂၅

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နဲ့ စစ်ခေါင်ဆောင်တို့ဟာ နှစ်နိုင်ငံစစ်တပ်နှစ်ရပ်ကြား ရှိရင်းစွဲကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့် ပလက်ဖောင်းတွေကနေ သတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ စစ်တပ်အရာရှိတွေ တက်ရောက်ကြသလို ထိုင်းဘက်ကတော့ ဘုရင့်လေတပ်ဦးစီးချုပ်အပါအဝင် စစ်တပ်အရာရှိကြီးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ကြပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာထောက်ခံမှု လုံးဝမရရှိတဲ့အနေအထားမှာ ဒီမိုကရေစီဗန်းပြပြီး စစ် တပ်က နိုင်ငံရေးမှာပါဝင်နေတဲ့ စနစ်ချင်းတူတဲ့ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည် ဆောက်နေတာလို့ ဒီမိုကရေစီအရေးတက်ကြွသူတွေက ထောက်ပြကြပါတယ်။

ထားဝယ်သပိတ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ကိုမင်းလွင်ဦးကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား အထီးကျန်နေဆဲကာလမှာရတဲ့ဘက်ကနေ ဆက် ဆံရေးရှိတဲ့ပုံစံနဲ့ လုပ်နေတာလို့ သုံးသပ်ပါတယ်။

“အဓိကတော့ဗျာ ဗမာပြည်စစ်ခေါင်းဆောင်တွေက အထီးကျန်နေဆဲကာလမျိုးမှာ သူ့ဘက်က ဘယ်သူပါနိုင်မလဲ၊ သူ့ဘက်ကနေပြီးတော့ပါနိုင်တဲ့ နိုင်ငံတွေနဲ့ရတဲ့ဘက်ကနေ ဝင်တိုးပြီး ဆက်ဆံရေးရှိတဲ့ပုံစံမျိုး လုပ်နေတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ထိုင်းဆိုလို့ရှိရင် (မြန်မာ) စစ်တပ်ကို နောက်ကွယ်ကနေပြီးတော့ တရားဝင်နည်းနဲ့ တဖုံ၊ တရားမဝင်နည်းနဲ့တဖုံ ထောက်ပံ့နေတဲ့အခါကျတော့ ကျွန်တော်တို့ တော်လှန်ရေး ဒီမိုကရေစီအင်အားစုတွေအတွက် အခက်အခဲဖြစ်စေတာပေါ့ဗျာ”လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ထိုင်းလေတပ်တို့ ဆွေးနွေးမှုမှာတော့ နှစ်နိုင်ငံစစ်တပ်ကြား ပူပေါင်းဆောင်ရွက်မယ့် အခြေအနေတွေအပါအဝင် စစ်တပ်ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ချစ်ကြည်ရေးအားကစားအဖွဲ့တွေ အပြန် အလှန်စေလွှတ်သွားမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်အဆင့်မြင့်အရာရှိကြီးတွေနဲ့ တပ်မတော်သားတွေ၊ မိသားစုဝင်တွေ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်တွေသွားရောက်ပြီး ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်နိုင်မယ့်ကိစ္စတွေနဲ့ ပတ် သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို သံတမန်ရေးအရ အဆက်အဆံလုပ်နေတဲ့ နိုင်ငံတွေထဲမှာ ထိုင်း၊ အိန္ဒိယ၊ ရှရုားနဲ့ တရုတ်နိုင်ငံတို့သာ ရှိနေခဲ့ပြီး အဲဒီနိုင်ငံတွေဟာ ကိုယ်ကျိုးစီးပွားအတွက် သံခင်းတမန်ခင်း လုပ်ဆောင်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အခုနှစ် ဇန်န ဝါရီလကနေ သြဂုတ်လအထိ ရှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရှစ်လအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၇၈ ကြိမ် ကျုးလွန်ခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နီးပါး ပြုလုပ်ခဲ့တဲ့အတွက် ဘာသာရေးအဆောက်အအုံ ၅၈ ခု၊ စာသင်ကျောင်း ၃၃ ကျောင်း၊ ဆေးရုံဆေးခန်း ၁၃ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.