လွိုင်ကော်၊ နို၀င်ဘာ ၂၄
ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်က Non-CDM ၀န်ထမ်းနဲ့ မိသားစု၀င် ၁၀၇ ဦးကို ခံ၀န်ကတိ လက်မှတ်ရေးထိုးစေပြီး နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က နို၀င်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၁၁.၁၁ စစ်ဆင်ရေးစတင်ချိန် လွိုင်ကော်တက္ကသိုလ်နဲ့ စက်မှုလက်မှုသိပ္ပံကျောင်းမှာ ပိတ်မိနေတဲ့ ၀န်ထမ်းနဲ့ မိသားစု ၂၀၄ ဦးကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက ကယ်ထုတ်ပေးခဲ့ပါတယ်။
အဲ့ဒီထဲမှ ၀န်ထမ်း ၇၀ ဦးနဲ့ မိသားစု၀င် ၃၇ ဦးကို ” Non-CDM ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့”မှ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ယန္တရားတွေမှာ ပါ၀င်ဆောင်ရွက်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ခံ၀န်ကတိ လက်မှတ်ရေးထိုးပြီး နေရပ်ပြန်နိုင်ရန် စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ ၀န်ထမ်းတွေနဲ့ မိသားစု၀င်တွေကိုလည်း လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီးပါက နေရပ်ပြန်နိုင်ရန် ဆက်လက်စီစဉ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)