မတူပီ – နိုဝင်ဘာ ၂၄

ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လိုင်လင်းပီစခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။လက်ရှိမှာတော့ CNF ဘက်က လိုင်လင်းပီမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သလို တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လိုင်လင်းပီမြို့ကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ဒေသခံ ၄ ဦးသေဆုံးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း အပါအဝင် ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မြို့သိမ်းခံလိုက်ရတဲ့ လိုင်လင်းပီမြို့ဟာ ချင်းပြည်နယ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ကို တော်လှန် ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးစတင်လည်ပတ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြို့မှာ လွန်ခဲ့တဲ့ NLD အစိုးရလက်ထက်က လေယာဉ်ကွင်းငယ်တည်ဆောက်ပေးထားတဲ့ အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ အခြေအနေမှာရှိတယ်လို့ သုံးသပ်သူတွေက ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.