ရေး၊ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ရေးမြို့အတွင်း PDF ရဲဘော်နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်ဖမ်းဆီးလာစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သလို PDF ရဲဘော်တစ်ဦးမှာလည်း လက်မောင်းကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုအတွင်း PDF နှစ်ဦးရဲဘော်တွေဟာ ဆိုင်ကယ်မယူနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ရန်မျိုးအောင်ရပ်ကွက်အတွင်း အင်အားအလုံးအရင်းနဲ့ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးခဲ့ရသလို မြို့အဝင်အထွက်လမ်းတွေကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုအတွင်း PDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံရမှု ရှိ မရှိကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပစ်ခတ်မှုပြီးနောက် ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ မြို့တွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ မရှိတော့ပေမယ့် လူသွားလူလာနည်းပါးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media