ပခုက္ကူ – နိုဝင်ဘာ ၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ရေစကြိုကို ဆက်သွယ်ထားတဲ့ ပန်းတိုင်ခြုံကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့ တယ်လို့ Southern YSO PDF တာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းက Southern YSO PDF၊ BNRA (ဗမာအမျိုးသား တော်လှန်ရေးတပ်တော်)နဲ့ Yesagyo Revolution Group (YRG)ပခုက္ကူခရိုင် ရင်း ၂ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။
အဲဒီပန်းတိုင်ခြုံဂိတ်စခန်းမှာ စစ်ကောင်စီတပ်သား ၂၇ ဦးရှိပြီး အဲဒီထဲက ၁၆ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားကာ ၅ ဦးစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Southern YSO PDF က သံလွင်တိုင်းမ်ကိုပြောပါတယ်။
“ပြည်သူလူထုကိုပြောချင်တာကတော့ရှေလျှောက်ကျွန်တော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာမယ်။ ဒီအခြေနေတစ်ခုမှာ တိုက်ပွဲဧရိယာနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုက တိုက်ပွဲဧရိယာနဲ့ လွတ် ကင်းအောင်နေပါလို့ အဲဒါလေးတော့ပြောချင်ပါတယ်။” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းလက်နက်ချအညံ့ခံမယ့် စစ်ကောင်စီတပ်သားတွေထွက်လာချိန်မှာ ပစ်ခတ်မှုတွေကို ခေတ္တရပ်နားခဲ့ပေမယ့် လက်နက်မချလိုသူတွေရဲ့ ပစ်ခတ်မှုကြောင့် အပြန်အလှန်တိုက်ပွဲထပ်မံဖြစ်ပွားပြီးနောက် စစ်ကောင်စီအထိုင်စခန်းရဲ့ ဘန်ကာလေးခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့သူက ပြောပါသေးတယ်။
ပခုက္ကူတပ်မ ၁၀၁ ရဲ့ စစ်ကူ ၁၀၀ ဝန်းကျင်ဟာ တောလမ်းကနေ ပဇောက်ပုံသဏ္ဍန်စစ်ကူလာ ခဲ့တာ ကြောင့် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ဖို့ အချိန်လိုအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေသလို စစ်ဘေးရှောင်နေတဲ့ပြည်သူတွေရဲ့ နေအိမ်တွေက ငွေနဲ့တန်ဖိုးရှိပစ္စည်းတွေကို စစ်ကူလာတဲ့ ပခုက္ကူတပ်မ ၁၀၁ တပ်က ယူဆောင်တာတွေရှိနေတယ်လို့ သိရပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တို့နဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်တာတွေလုပ်ဆောင်နေသလို PDF တွေက မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေလုပ်ဆောင်မယ်ဆိုတဲ့ သတင်းအမှားတွေထုတ်လွှင့်ပြီး ပြည်သူတွေကိုဝါဒဖြန့်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Southern YSO PDF