ပုဏ္ဏားကျွန်း – နိုဝင်ဘာ ၂၄
နှစ်ဖက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးထဲပေါ်ကို စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဈေးကိုမီးလောင်ပြီး အနီးဝန်းကျင်မှာရှိတဲ့ လူနေအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မီးလောင်မှုက ကြီးကြီးမားမားဖြစ်ပွားနေပြီး မီးငြှိမ်းသတ်နိုင်ဖို့ကို ဒေသခံတွေ အပြင်းအထန်ကြိုးစား ငြှိမ်းသတ်နေကြရတယ်လို့လည်း သူတို့ကပြောပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က စစ်ကောင်စီ ရေတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံးဟာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ မြို့မဈေးဟောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မီးလောင်တာဖြစ်ပြီး ညနေလေးနာရီခွဲဝန်းကျင်အထိ မငြှိမ်းသတ်နိုင်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မီးကတော်တော်ပြင်းပါတယ်။ ခုထိလောင်နေတုန်း။ ကျွန်တော်တို့ပြေးလိုက်ဦးမယ်။ ကြာကြာမပြောနိုင်တာ ခွင့်လွှတ်ပါ”လို့ အဲဒီဒေသခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့မဈေးထဲမှာရှိတဲ့ ဈေးဆိုင်ခန်းအများအပြားကို မီးကူးစက်လောင် ကျွမ်းနေတာဖြစ်ပြီး ညနေပိုင်းအထိ မီးသတ်ကား ၃ စီးလာရောက်ငြှိမ်းသတ်ပြီးပေမယ့် မီးမငြိမ်းသေးဘူးလို့လည်း သိရပါတယ်။
“မီးက တအားပြင်းတော့ အဲဒီဘက်ကို သွားလို့ကိုမရသေးဘူး”လို့လည်း ဒေသခံတစ်ဦးကဆိုပါတယ်။
ရခိုင်ပြည်နယ် ၊ပုဏ္ဏားကျွန်းမြို့ ဂူဝဒေသအနီးရှိ မြစ်ပြင်မှာ ဆိုက်ကပ်တပ်စွဲထားတဲ့ စစ်ကောင်စီရေတပ်က ရေယာဉ်တွေဟာ ရခိုင်တိုက်ပွဲတွေ ပြန်လည်စတင်ချိန် နို ဝင်ဘာ ၁၃ ရက်နေ့ကတည်းက ပုဏ္ဏားကျွန်းမြို့နဲ့ အနီးဝန်း ကျင်ကျေးရွာတွေကို နေ့စဉ်ရက်ဆက် ပစ်ခတ်နေခဲ့တာဖြစ်ပြီး ဒီနေ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကတော့ အဆိုးရွားဆုံးဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – C J