တနင်္သာရီ၊နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ NUG ထံ အလင်းဝင်ကြဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ )က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Non CDM ဝန်ထမ်းတွေအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ ရုံးလုပ်ငန်းတွေကို ရပ်နားပြီး စာရွက်စာတမ်းတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ကြဖို့ အသိပေးထားတာပါ။
အလင်းဝင်လာသူတွေထဲမှာ နွေဦးတော်လှန်ရေးကို ထိထိရောက်ရောက်ပါဝင်ကူညီခဲ့သူတွေအနေနဲ့ မြို့နယ် ပအဖထံ တာဝန်ထမ်းဆောင်လိုပါက နိုင်ငံဝန်ထမ်းဆိုင်ရာ CDM မူဝါဒနဲ့ အညီ စနစ်တကျ စိစစ်ပြီး ကာလတိုစာချုပ်နဲ့ တာဝန်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကတော့ Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့ရင်ခွင်အမြန်ဆုံး ခိုလှုံကြဖို့ တိုက်တွန်းတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ရောက်တာ မရှိသူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ သူက ပြောပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်တခုတည်းမှာ ပြည်သူနဲ့ပူးပေါင်းလာတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သား ၈၆ ဦး ရှိတယ်လို့ မြို့နယ် ပအဖ အဖွဲ့ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တနင်္သာရီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့