ဆိုးလ်၊ နိုဝင်ဘာ ၂၅

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခဲ့တာဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးတာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်က ပြောပါတယ်။  

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့က မြောက်ကိုရီးယားဟာ သူတို့ရဲ့ပထမဆုံးထောက်လှမ်းရေး ဂြိုလ်တုကို ကမ္ဘာ့ပတ်လမ်းအတွင်း လွှတ်တင်ထားနိုင်ခဲ့ပြီလို့ အသိပေးထားပါတယ်။

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခဲ့တဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာက ဝေဖန်ထားသလို ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေနဲ့ပတ်သက်တဲ့ နည်းပညာအသုံးပြုမှုတွေကိုပါ တားမြစ်ခံထားရတာပါ။

ခေါင်းဆောင်ကင်မ်ဟာ နိုင်ငံရဲ့ အမျိုးသားအာကာသ နည်းပညာစီမံခန့်ခွဲရေးဌာနကို သွားရောက်ပြီး အာကာသသိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်တွေကို ချီးကျူးဂုဏ်ပြုခဲ့သလို ဂြိုလ်တုလွှတ် တင်မှုကို ရန်လိုတဲ့တပ်ဖွဲ့တွေရဲ့ အန္တရာယ်နဲ့ လှုပ်ရှားမှုတွေကို ရင်ဆိုင်ဖို့ပြောခဲ့တယ်လို့ KCNA မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်ထောက်လှမ်းရေးဂြိုလ်တုတွေ ပိုင်ဆိုင်တာဟာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် အပြည့်အဝ ကျင့်သုံးတာဖြစ်သလို မြောက်ကိုရီးယားရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ခေါင်းဆောင်ကင်မ်က ပြောခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုဟာ ရုရှားနိုင်ငံကို အမြောက်ကျည်သန်းနဲ့ချီ ထောက်ပံ့ပေးခဲ့တဲ့ သဘောတူညီမှုရဲ့ တစိတ်တပိုင်းအဖြစ် ရုရှားရဲ့နည်းပညာအကူအညီတွေ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူတွေက ဆိုထားပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံလုံးကတော့ လက်နက်သဘောတူညီမှုတွေကိုငြင်းဆိုထားကြ ပေမယ့် နှစ်နိုင်ငံအပြန်အလှန်ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ဖို့ သဘောတူညီထားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုဟာ ကမ္ဘာ့ပတ်လမ်းအတွင်းဝင်ရောက် လာတယ်လို့ယူဆထားကြပေမယ့် ပုံမှန်အတိုင်းလည်ပတ်နေတာရှိမရှိ စောင့်ကြည့်ရဦးမှာဖြစ် တယ်လို့ တောင်ကိုရီးယားဘက်က အသိပေးထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.