ကျိုက်မရော၊ နိုဝင်ဘာလ ၁၉

ကျိုက်မရောမြို့နယ်ရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ)တံတား မိုင်းခွဲခံရပြီး တံတားကျိုးသွားလို့ သွားလာရေးခက်ခဲနေသလို ကားခတွေလည်းဈေးတက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အတ္ထရံတံတားကျိုးမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက သံပုရာ၊ ဆိပ်ကြီးအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်နဲ့ ကျိုက်မရောမြို့နယ်ထဲက ချောင်းနှစ်ခွ၊ ပေါလော၊ မီးသွေးကုန်း၊ ကျောက်ကွဲရွာအပါအဝင် ကျေးရွာပေါင်း ၃၀ ခန့်က ဒေသခံတွေဟာ သွားလာဖို့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ခရီးသည်တင်လိုင်းကားတွေကလည်း အခြားလမ်းကြောင်းကနေ ကွေ့ပတ်သွားလာနေရတာကြောင့် အရင်က မုဒုံ-မြဝတီ ကားခ ကျပ် ၁၅၀၀၀ ခန့်သာရှိခဲ့ရာကနေ အခုချိန်မှာ ကျပ် ၆၀၀၀၀ ခန့်ထိ ဈေးတက်သွားတယ်လို့လည်း သိရပါတယ်။

ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတားဟာ မုဒုံ – ကျွန်းရွာ – တောင်ကလေး – ချောင်းနှစ်ခွ – ကြာအင်းဆိပ်ကြီးလမ်းပေါ်မှာတည်ရှိပြီး ထိုင်းနယ်စပ် မြဝတီနဲ့ ဘုရားသုံးဆူတို့ကို သွားရောက်နိုင်တဲ့ အဓိကချိတ်ဆက်ထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အတ္ထရံတံတား (ချောင်းနှစ်ခွ)ဟာ တိုက်ပွဲအတွင်း စစ်ကောင်စီအတွက် အဓိကထောက်ပို့လမ်းကြောင်း ဖြစ်နေတာကြောင့် စစ်ရေးအရ လုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုထားပါတယ်။

လက်ရှိအခြေနေထိ ချောင်းနှစ်ခွဒေသဟာ မတည်ငြိမ်သေးဘဲ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေသလို လက်နက်ကြီးနဲ့လက်နက်ငယ် ပစ်ခတ်မှုတွေလည်းရှိနေပြီး KNLA၊ PDF တွေဘက်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေရှိနေပါသေးတယ်။

ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချ အညံ့ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.