မော်လမြိုင် ၊ နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီအရှေ့တောင်တိုင်း စစ်ဌာနချုပ် ရတခ တိုက်ခိုက်ခံရ ပြီးနောက် မော်လမြိုင်မြို့ကို လုံခြုံရေးအထူးတင်းကျပ်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ညနေပိုင်းက ရတခ ၆၂ နှစ်ပြည့် တိုင်းမွေးနေ့ ကျင်းပချိန် ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဒရုန်းလာရာလမ်းကြောင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဒါအပြင်မြို့တွင်းမှာလည်း ပိတ်ဆို့ရှာတွေမှုတွေ ဆက်တိုက်ပြုလုပ်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ လုံခြုံရေးတိုးမြှင်ချထားပြီး တချို့ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရှာဖွေစစ်ဆေးတာတွေ ကိုလည်းပြုလုပ်နေတယ်လို့ သိရပါတယ်။

နေ့ဘက်တွေမှာ အဖွဲ့စုံယာဉ်စည်းကမ်းစစ်ဆေးတဲ့ပုံနဲ့ ရှာဖွေစစ်ဆေးတာတွေအပြင် မြို့တွင်းမှာ အင်အားပြလှည့်လည်တာနဲ့ ကင်းပုန်းချစောင်ကြည့်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့ မော်လမြိုင် ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

“လုံခြုံရေးက တိုးချထားတယ်။ ဒီမနက်သွေးသောက်မှာ စစ်ကားနှစ်စီးနဲ့ PDFတွေ ပုန်းခိုနေတယ်ဆိုပြီး ရွာထဲမှာ ပိုက်စိပ်တိုက်ရှာတယ်။ နောက်ပြီးတော့ သူတို့က အဓိကဒိုင်းဝန်ကွင်းအပိုင်းပေါ့၊ ရွှေမြိုင်သီရိတို့ ဇေယျာသီရိတို့ အဲဒီဘက်တွေမှာလည်း ဧည့်စာရင်းစစ်တဲ့ ပုံစံတွေလုပ်လာတယ်။ အခုလည်း နေ့ဘက် တွေမှာ ယာဉ်စည်းကမ်း စစ်ဆေးတဲ့ပုံစံလုပ်တယ်။ အရင်တုန်းကဆို ယာဉ်ထိန်းရဲကစစ်တာ။ အခုဟာက စစ်တပ်က တစ်ယောက် နှစ်ယောက်ပါတယ်၊ ရဲပါတယ်၊ ယာဉ်ထိန်းပါတယ်။ ပြီးတော့ ဆိုင်ကယ်ကို အဓိကလိုင်စင်တွေ ဘာတွေ မစစ်တော့ဘူး၊ ဆိုင်ကယ်ဘောက်တွေ စစ်တယ်၊ လူတွေ စစ်တယ်ပေါ့။ တော်တော် ကျပ်သွားတယ်”လို့ ဆိုပါတယ်။

အခုလိုစစ်ကောင်စီတပ်က မြို့တွင်းမှာ လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေ တင်းကျပ်ထားတာကြောင့် သွားလာရေးအခက်အခဲရှိနေကာ ညပိုင်းတွေမှာလည်း ဖမ်းဆီးစစ်ဆေးမှုတွေရှိလာတဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ သိရပါတယ်။

မြို့တွင်းလှည့်လည်ချိန်မှာလည်း အရင်က ရဲတပ်ဖွဲ့ဝင်တွေသာကား ၂ စီးနဲ့ လှည့်လည်ခဲ့ကြပေမယ့် အခုချိန် မှာတော့ စစ်တပ်၊ ရဲနဲ့ အရပ်ဝတ်ပူးပေါင်းအဖွဲ့တွေက အိမ်စီးကားတွေအသုံးပြုပြီး ကင်းလှည့်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း လုံခြုံရေးတိုးမြှင့်ချထားတာသလို မြို့တွင်း အချက်အခြာကျတဲ့ နေရာတွေနဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေအနီးကိုလည်း မကြာခဏ ရှောင်တခင်စစ် ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူငယ်တွေကိုလည်း မသင်္ကာပါက ဖမ်းဆီးစစ်ဆေးမေးမြန်းတာတွေပြုလုပ်နေပြီး ဧည့်စာရင်း စစ်ဆေးတာ တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။

မြို့အတွင်းမှာတပ်ဆင်ထားတဲ့ CCTV တွေကတဆင့် ပြည်သူတွေရဲ့ သွားလာမှုတွေကို စောင့်ကြည့်တာတွေ အမြဲလိုလိုရှိနေပြီး အင်အားအများအပြားအသုံးပြုကာ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတာဖြစ်ပါတယ်။

အဲဒီလို လုံခြုံရေးတိုးမြှင့်တာတွေရှိနေပေမယ့် မော်လမြိုင်မြို့မှာတော့ မကြာခဏဆိုသလို ဆိုင်ကယ်လုယူခံရတာ၊ ခိုးယူခံရတာတွေရှိနေတဲ့အပြင် နေအိမ်တွေအတွင်းဝင်ရောက်ပြီး ပစ္စည်းခိုးယူခံရတာတွေ ရှိနေတာကြောင့် လုံခြုံမှုကင်းမဲ့နေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.