ကိုးကန့် ၊ နိုဝင်ဘာ ၁၉

စစ်ကောင်စီကို အပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ‘Nationwide Operation’ အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေး ပထမအဆင့် အကောင်အထည် ဖော်နေတယ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့က အသိပေးထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ချင်းနဲ့ ကယား ပြည်နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေတာဟာ တစ်နိုင်ငံလုံး စစ်ဆင်ရေး ပထမအဆင့်ဖြစ်တယ်လို့ ဆိုထားတာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလ နှောင်းပိုင်းက စတင်ပြီးညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးနဲ့ မြန်မာလူထုတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေးကို စတင်ထားတာဖြစ်ပါတယ်။

ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းကတော့ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

“ဘာလို့ဆို ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ထုတ်ပြန်ကတည်းက ဒီဟာကိုထည့်သွင်းပြီး ပြောထားတာ ရှိပါတယ်။ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေဆိုတာတဲ့အတိုင်း (စစ်ဘောင်) အ ကျယ်အဝန်းကိုတော့ ပြောစရာမလိုတော့ပါဘူးနော်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ရေးရည်မှန်းချက်တွေကို မဟာမိတ်အင်အားစုတွေနဲ့ ဟန်ချက်ညီ ပူးပေါင်းနေပြီး စစ်ဆင်ရေးပစ်မှတ်တွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးနဲ့ မိမိတို့ဌာနေမှာ ပြန်လည်အခြေချနိုင်ဖို့ ဦးစားပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေအပါအဝင် စစ်ကောင်စီယန္တရား ဖြိုလဲလိုက်တဲ့ မြို့တွေမှာ အုပ်ချုပ်ရေးနဲ့ သက်ဆိုင်တဲ့နေရာတွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က နေရာယူပြီး ပြည်သူ လူထုလုံခြုံရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ဆင်ရေးကာလ ရက်ပေါင်း ၂၀ ကျော်လာချိန်မှာတော့ ရှမ်းမြောက်က မြို့ ၆ မြို့အပါအဝင် တပ်စခန်းပေါင်း ၁၅၀ ကျော်၊ ရခိုင်ပြည်နယ်မှာလည်း နယ်ခြားစောင့်တပ်အပါအဝင် ရဲစခန်းတချို့၊ စစ်ကိုင်းတိုင်းမှာ မြို့နှစ်မြို့၊ ချင်းပြည်နယ်နဲ့ ကယားဒေသတွေက နယ်စပ်မြို့တွေအပါအဝင် စစ်တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီစစ်ဆင်ရေးရဲ့ တတိယစည်းအဖြစ် မြို့ကြီးတွေကို ဦးတည်တဲ့ တစ်ပြည်လုံးအနှံလှုပ်ရှားတဲ့ စစ်ပွဲကြီးအဆင့်ကို ကူးပြောင်းနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

“တိုင်းဒေသအတွင်း ပြည်နယ်အတွင်း တိုက်ခိုက်တဲ့ တိုက်ပွဲတွေကနေ မြို့ကြီးပြကြီးတွေကို ဦးတည်တဲ့ တတိယစည်းကို ရောက်ရှိမှာဖြစ်တဲ့အတွက် အဲဒီအချိန်မှာ မြို့ပြတိုက်ပွဲတွေ မြို့ကြီးတွေသိမ်းတဲ့တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်က ယူဆတယ်။ အဲဒီတော့ စစ်ကတော့ ဖြစ်ပေါ်တိုးပွားနေမှာပဲ။ သို့သော်ဒေသအလိုက်ဖြစ်ရာကနေ တပြည်လုံးအနှံ့ ဦးတည်လှုပ်ရှားတဲ့ စစ်ပွဲကြီးအဆင့်ကို ကူးပြောင်းသွားလိမ့်မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့ပြကိုဦးတည်တဲ့ စစ်ပွဲကြီးဟာ စစ်တပ်ဌာနချုပ်ကို ထိုးစစ်ဆင်ချိန်ရောက်ပါက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ စစ်ကြောင်းအားလုံး နေပြည်တော်ကို ချီတက်အကောင် အထည်ဖော်နိုင်မှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

လက်ရှိမှာတော့ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေး၊ ချင်း၊ ကယား၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ပဲခူးအရှေ့ခြမ်း တောင်ငူ-သံတောင်ကားလမ်းမှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာနိုင်ငံတဝန်းကျယ်ပြန့်လာပြီးနောက် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကို အလူးအလဲခံနေရပြီး ပြန်မတွန်းလှန်နိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲဒီလို မြေပြင်စစ်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေပြီး နိုင်ငံတကာစစ်ဥပဒေချိုးဖောက်ကာ စစ်ရာဇဝတ်မှုတွေ နေ့စဉ်ကျူးလွန်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.