တောင်ငူ၊ နိုဝင်ဘာ ၁၄
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင် ရှမ်းပြုံးချောင်းရွာနဲ့ ကယားပြုံးချောင်ရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နေအိမ် ၂၅ လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့အကြား ရှမ်းပြုံးချောင်းရွာနဲ့ ကယားပြုံးချောင်ရွာကြားမှာ နှစ်ဖက်တိုက်ပွဲအချိန် ၃ နာရီကြာ ဖြစ်ပွားခဲ့တာပါ။
အဲဒီနေ့ မွန်းလွဲပိုင်း ၂ နာရီကနေ ညနေ ၅ နာရီအထိ ၃ နာရီကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကား ၂ စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေ ပြောဆိုကြပေမယ့် အရေ အတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ကယားပြုံးချောင်းကျေးရွာရှိ နေအိမ်အလုံးပေါင်း ၂၅ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း သတ်ဖြတ်သွားခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ရမ်းသမ်းပစ်ခတ်သွားခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ ရေတွင်းကုန်းကျေးရွာစတဲ့ ကျေးရွာတွေက ဒေသခံ ၃၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Thaw Thi Kho