ကျိုက်ထို၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာအနီး လယ်ကွင်းထဲကို စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လယ်သမားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီအမှတ် (၅၉၈) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ရှမ်းစုကျေးရွာ လယ်ကွင်းထဲကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စပါးသိမ်းနေတဲ့ အသက် ၅၄ အရွယ် လယ်သမား ဦးမင်းနိုင်ဟာ လက်နဲ့ပေါင်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့တာပါ။

အဲဒီနောက် ကျည်စထိမှန်ဒဏ်ရာရရှိထားတဲ့ လယ်သမားဦးမင်းနိုင်ကို ဆေးရုံသို့ပို့ဆောင်စဉ် လမ်းမှာပဲ သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးမင်းနိုင်ဟာ သားသမီးခုနှစ်ယောက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းသာ လုပ်ကိုင်စားသောက်တဲ့ သာမန်ပြည်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး တိုက်ခိုက်ခံရပြီးနောက် ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာဒေသခံ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.