စစ်တွေ- နိုဝင်ဘာ ၁၃

ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ စတင်လိုက်တဲ့ ရခိုင်စစ်ပွဲပထမဆုံးရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် (ULA/AA)က ရသေ့တောင်နဲ့ မောင်တောနယ်ခြားစောင့်စခန်းအပါအဝင် စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်နိုင်လိုက်ပြီး စစ်တပ်အရာရှိတချို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

“ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မှာ မောင်တောနယ်ခြားစောင့်တပ်ကို သိမ်းပိုက်ရမိတယ်လို့ ကျွန်တော်တို့ မြေပြင်အေ ခြအနေတွေအရ အတည်ပြုပြောလို့ရပါတယ်။ မြောက်ဦးဘက်မှာလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေလည်းရှိတယ်။ အဲဒီဘက်မှာလည်း သက်ဆိုင်ရာအရာရှိတစ်ချို့ကိုလည်း ဖမ်းဆီးရမိတယ်လို့ လည်း အတည်ပြုနိုင်တဲ့ အချက်အလက်တွေ ရရှိထားပါတယ်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး AAပြောခွင့်ရ ဦးခိုင်သုခက အခြေအနေအသေးစိတ်ကို မကြာခင်ထုတ်ပြန်သွားမယ်လို့လည်း ရခိုင်ဒေသတွင်း မီဒီယာတွေကို ပြောကြားထားပါတယ်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၅ နာရီခန့်မှာ ရသေ့တောင်နယ်ခြားစောင့်စခန်းတွေဖြစ်တဲ့ ရသေ့တောင်မြို့နယ် တောင်ပိုင်း အငူမော်- မောင်တော ကားလမ်းပေါ်မှာတည်ရှိတဲ့ ချိန်ခါလီစခန်းနဲ့ ဒုံးပိုက်စခန်းနှစ်ခုကို ရက္ခိုင့် တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

ဒါ့အပြင် အပြင်မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီးမှာရှိတဲ့ ရှိပြည်ထောင်စု ကားလမ်းမကြီးပေါ်က စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက လိုက်လံတိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ကားနှစ်စီး မီးလောင်သွားပြီး တပ်ဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရတာလို့လည်း ဒေသခံတွေကဆိုပါတယ်။

မြောက်ဦးမြို့ပေါ်မှာလည်း လက်နက်ကြီးနဲ့ အပြန်အ လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်မှု သတင်း ကိုတော့ နိုဝင်ဘာ ၁၃ ရက် ညနေအထိအတည်မပြုနိုင်သေးဘူးလို့လည်း သိရပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရသေ့တောင် စတဲ့ မြို့ နယ်တွေမှာစာသင်ကျောင်း၊ ဈေးစတာတွေ ပိတ်ထားရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ ကုန်း လမ်း၊ ရေလမ်းအများစုကို ပိတ်ထားလိုက်တဲ့အတွက် ခရီးသွားတချို့ ပိတ်မိနေကြပြီး ဒေသတွင်း မြို့အချင်း ချင်းလည်း ဆက်သွယ်ကူညီလို့မရတဲ့ အခြေနေ ဖြစ်နေတာပါ။

တိုက်ပွဲ ဖြစ်တဲ့နေရာတွေကလွဲပြီး တချို့မြို့နယ်တွေမှာတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ရရှိနေသေးတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။

တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီနဲ့ ဒုံးပိုက်ကျေးရွာတွေဟာ ဘေးကင်းရာ အနီးအနားရှိ တောင်ကြားတွေနဲ့ ကျေးရွာတွေဆီကို ရွာလုံးကျွတ်ထွက်ပြေးနေရပြီး စုစုပေါင်း လူဦး နှစ်ထောင်ကျော်ခန့် စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ရှောင်တွေထဲက အများစုဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်ပြီး စစ်ရှောင်ဒေသခံတွေအတွက် အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာမှအစ ခြုံစောင်တွေအထိ လိုအပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက သွားလာခွင့် ပိတ်ပင်ထားတာကြောင့် ရခိုင်က စစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးတွေ သွားရောက်ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေ အနေနဲ့လည်းသွားလာဖို့ မလွယ်ကူတဲ့ အခြေအနေနဲ့ ကြုံနေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.