ဆိုးလ်၊ နိုဝင်ဘာ ၁၄

မြောက်ကိုရီးယားရဲ့ တိုးလာနေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ အတွက် နှစ်နိုင်ငံ လုံခြုံံရေးသဘောတူညီချက် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ဆွေးနွေးမှုအတွင်း ဒီလိုသဘောတူညီ ခဲ့ကြတာလို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ နျူလက်နက် ခြိမ်းခြောက်မှုတွေအား တန်ပြန်ဖို့ ရည်ရွယ်ထားတဲ့ တိကျတဲ့ ဟန့်တားမှုဗျူဟာ TDS ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကတည်းက နှစ်နိုင်ငံလက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တစ်ခုလည်း ဖြစ်ပါတယ်။

အခုပြန်လည်ပြင်ဆင်တဲ့ နောက်ဆုံးအဆင့် သဘောတူညီချက်ကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ဆစ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့က ဆိုးလ်မြို့ရှိ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

မဟာဗျူဟာက မြောက်ကိုရီးယားရဲ့ အလျင်အမြန်တိုးတက်လာနေတဲ့ ဒုံးကျည်နဲ့နျူကလီးယား အစီအစဉ်တွေကို လုံလောက်စွာ မဖြေရှင်းနိုင်တာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တာဖြစ်တယ်လို့ သူက ဆိုခဲ့တာပါ။

အစောပိုင်းမှာ ရှင်နဲ့ အော်စတင်တို့ဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ တိုးမြှင့်တားဆီးတဲ့ ဗျူဟာ လုပ်ဆောင်မှုအပါအဝင် ပူးတွဲတုံ့ပြန်ရေးအတွက် ဆွေးနွေးကြမယ်လို့ တောင်ကိုးရီးယားကာ ကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီဗျူဟာထဲမှာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်ချိန် အမေရိကန်ပြည်ထောင်စုက သူ့ရဲ့မဟာမိတ်တွေကို ခုခံကာကွယ်ဖို့တွက် နျူကလီးယားတပ်ဖွဲ့တွေအပါအဝင် မဟာဗျူဟာမြောက် စစ်ရေးလက်နက်တွေ အသုံးပြုသွားမယ်လို့ အခိုင်အမာဆိုထားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံဟာ နျူကလီးယားအတိုင်ပင်ခံအဖွဲ့ NCG တည်ထောင်မှုနဲ့ တိုးချဲ့တားဆီးရေးဗျူဟာကို အကောင်အထည်ဖော်မှု အပါအဝင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ခဲ့ကြောင်း ယွန်းဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မကြာသေးမီလတွေအတွင်းကလည်း အမေရိကန်ပြည်ထောင်စုနဲ့ တိုးချဲ့စစ်ရေးလေ့ကျင့်မှုမှာ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ နျူကလီးယား ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတို့ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ခြင်းကို ပြသခဲ့တယ်လို့ ယွန်းဟပ်သတင်းထဲမှာ ဖော်ပြခဲ့ပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ရုရှားနဲ့မြောက်ကိုရီးယားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာတာတွေဟာ အခုလိုတွေ့ဆုံမှုကို ဖြစ်စေခဲ့တာပါ။

ဟားမတ်စ်အဖွဲ့တိုက်ခိုက်သလိုမျိုး အံ့အားသင့်ဖွယ်တိုက်ခိုက်မှု အပါအဝင် မြောက်ကိုရီးယားဘက်က လုပ်ဆောင်လာနိုင်ပြီး ရန်စမှုမှန်သမျှအတွက် မဟာမိတ်တွေနဲ့ အသင့်ရှိနေရမယ်လို့လည်း တောင်ကိုရီးယား သမ္မတ ယွန်းဆုခ်ယိုက နိုဝင်ဘာ ၁၂ ရက်နေ့ ညစာစားပွဲမှာ ပြောခဲ့ပါတယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့မှ ကာကွယ်ရေးဦးစီးချုပ်တွေဟာ မြောက်ကိုရီးယားဒုံးကျည်တွေ နဲ့ပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ ဒေတာမျှဝေမှုအစီအစဉ်ကို ဒီဇင်ဘာလမှာ စတင်ဖို့ သဘောတူခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.