ဘန်ကောက်၊နိုဝင်ဘာ ၁၄

ထိုင်းနိုင်ငံအတွင်း တရုတ်ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတချို့မှာ တရုတ်ရဲတပ်ဖွဲ့တွေ ကို ကင်းလှည့်ခွင့်ပြုသွားဖို့ ထိုင်းအစိုးရက စီစဉ်နေပြီး အဲဒီအစီအစဉ်ကြောင့် နိုင်ငံရဲ့ အချုပ် အခြာအာဏာပိုင်ကိစ္စရပ်တွေအပေါ် ပူပန်တာနဲ့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။

အဲဒီပူးပေါင်းဆောင်ရွက်မှုကို ထိုင်းဝန်ကြီးချုပ် ဆရီထာသာဗီဆင်၊အကြီးတန်းရဲအရာရှိနဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်တို့ ဆွေးနွေးပြီးနောက် ကိုဗစ်မတိုင်က အမြင့်ဆုံးအရေအတွက်နဲ့ လာရောက်လေ့ရှိတဲ့ တရုတ်ခရီးသွားတွေကို ပြန်လည်ဆွဲဆောင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

“တရုတ်ရဲတပ်ဖွဲ့ကို ထိုင်းနိုင်ငံကို ခေါ်ယူကင်းလှည့်မယ့် အစီအစဉ်တစ်ရပ်ကို တရုတ်သံရုံးနဲ့ ဆွေးနွေးနေပါပြီ၊ ဒီလိုကနေတဆင့် တရုတ်ခရီးသွားဧည့်သည်တွေရဲ့ ယုံကြည်မှုကို အကောင်း ဆုံးရရှိနိုင်စေတဲ့ လုံခြုံရေးအတိုင်းအတာတွေကို ထိုင်းနိုင်ငံဟာ ဘယ်လိုဆောင်ရွက်ထားသလဲဆို တာ ပြသမှာပါ”လို့ ထိုင်းခရီးသွားကဏ္ဍ တာဝန်ရှိသူတစ်ဦးက သတင်းထောက်တွေ ကို ပြောခဲ့ပါ တယ်။

ဒီအစီအစဉ်ကို အီတလီနိုင်ငံမှာလည်း ဆောင်ရွက်ခဲ့ဖူးပြီး အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေရှိနေသလို တရုတ်ရဲတွေထိုင်းမှာ ကင်းလှည့်မယ့်အစီအစဉ်ဟာ ပြည်ပရောက်နေတဲ့ တရုတ်အတိုက်အခံတွေကို ဦးတည်တဲ့ အော်ပရေးရှင်းတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝန်ချရွန်ကီကတော့ နိုင်ငံအတွင်း လည်ပတ်နေတဲ့ တရုတ်မာဖီးယားအဖွဲ့တွေကို နှိမ်နင်းဖို့ စီစဉ်ထားတာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လွတ်လပ်ခွင့်နဲ့ အချုပ်အခြာအာဏာကို တစုံတရာထိပါးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

“တရုတ်မာဖီးယားအဖွဲ့တွေဟာ သူတို့နိုင်ငံ ရဲတွေဆို အရမ်းထိတ်လန့်ကြပါတယ်။ အထူးသဖြင့် တရုတ်ဧည့်သည်တွေဟာလည်း တရုတ်ရဲတွေ ဒီအထိ လာရောက်ပြီး သူတို့ကို စောင့်ရှောက်ပေး တယ်ဆိုတဲ့အခြေအနေနဲ့ အတူ သူတို့ဟာ လုံခြုံမှုကိုခံစားရမှာဖြစ်တယ်”လို့ မစ္စတာချိုင်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ထိုင်းအစိုးရအဖွဲ့ဟာ တရုတ်ခရီးသွားတွေအပါအဝင် အိန္ဒိယနဲ့ ထိုင်ဝမ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ငါးလပေးခဲ့ပြီး နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် မေလအထိ သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရရဲ့ တရုတ်ရဲတပ်ဖွဲ့ကို နိုင်ငံအတွင်း ကင်းလှည့်ခွင့်ပြုမယ်ဆိုတဲ့ အစီအစဉ်ကြောင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာအောင်လုပ်ဆောင်မှုဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တရုတ်ခရီးသွားတွေဟာ ထိုင်းနိုင်ငံကို ၂ ဒသမ ၈ သန်း ဝင်ရောက်ခဲ့တယ်လို့ ထိုင်းအစိုးရရဲ့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

Ref – BLOOMBERG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.