ကျိုက်မရော၊ နိုဝင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ အနက် ၂၃ ဦး လက်နက်ချအညံခံခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဘားအံအခြေစိုက် တပ်မ ၂၂ က တပ်ရင်းမှူးနဲ့ အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးပြီး အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲအတွင်း အရာရှိ ၁ ဦးအပါအဝင် ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့တံတား ဂိတ်စခန်းကို ဒီနေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။
အဲဒီစခန်းနှစ်ခုကို ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD