ကျောက်ထု – နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ကျောက်ထုအမြောက်တပ်က စစ်တပ်အရာရှိတစ်ဦးဟာ Yaw Revolution Army ကို စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် ဆုငွေသိန်း ၅၀ ချီးမြင့်လိုက်တယ်လို့ YRA က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ကျောက်ထုအမြောက်တပ်မှ ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ဟာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊၁၆၊၁၇)-YRA ထီးလင်းကို လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင် ရောက်လာတာပါ။

“သူပြောပြတာကတော့ တပ်ထဲမှာလည်း သူတို့တော်တော်စိတ်ဆင်းရဲပြီးနေရတယ်။ နောက်ပြီး မနေချင်ဘဲနဲ့ နေနေရတယ်။ မလုပ်ချင်းဘဲလည်းလုပ်နေရတယ်လို့ သူပြောပြတာရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေနဲ့ အချိတ်အဆက်မရှိလိုသာ မလုပ်ခဲ့ရတာ။ ယုံကြည်ဖို့ ခက်ခဲ လို့သာ သူတို့ CDM မပြုလုပ်ခဲ့တာ ၊ခုအဆက်အသွယ်ရလို့ လုပ်ခဲ့တာ” လို့ ဂန့်ဂေါခရိုင်တပ်ရင်း (၁၅၊၁၆၊၁၇) YRA မှ သခင်ဇော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ဟာ YRA ထီးလင်း ကို အလင်းဝင်လာသူတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်ပြီး ကျောက်ထုတပ်ထဲကနေ CDM ပြုလုပ်လိုသူတွေ အများအပြားရှိနေတယ်လို့ သူက ပြောပါသေးတယ်။

CDM ပြုလုပ်လာတဲ့ ဒုအရာခံဗိုလ်နဲ့အတူ MA-3 တစ်လက်၊ကျည်ဘောက် ၃ ခု၊ကျည် ၂၁၉ တောင့်၊ ကျည်ကာ အင်္ကျီတစ်ထည် ယူဆောင်ခဲ့တယ်လို့ သိရပြီး သူ့ကို လွတ်မြောက်နယ်မြေ တနေရာကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း YRA ထီးလင်းကို CDM ပြုလုပ်လာသူ ရဲနဲ့ စစ်သား ၂၅ ဦးဝန်းကျင်ရှိတယ်လို့ သိရပြီး သူတို့တွေကို လွတ်မြောက်နယ်မြေတွေနဲ့ သွားလိုတဲ့ နေရာတွေ ကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YRA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.