စစ်တွေ – နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို AA စတင်တိုက်ခိုက်ပြီးနောက် ကုန်စျေးနှုန်းတင်ရောင်းချသူတွေကို အရေးယူဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း၊ဒုံးပိုက်နဲ့ ချိန်ခါလီနယ်ခြားစောင့် စခန်းတွေကို ရက္ခိုင့်တပ်တော် AA က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကုန်စျီးနှုန်းတင်ရောင်းချသူများအားယဥ်ကျေးလိမ္မာသင်တန်းသစ် စတင်ပို့ချမည်ဖြစ်သည်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အရေးယူမယ်လို့ အသိပေးထားပေမယ့် ဘယ်လိုပုံစံ အရေးယူမယ်ဆိုတာကိုတော့ အသိပေးထား တာမရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသလို အခြေခံ စားသောက်ကုန်တွေကိုလည်း ဝယ်ယူတာတွေရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင်တိုက်ပွဲတွေကြောင့် စစ်တွေကို ဒီနေ့ ည ၉ နာရီကစပြီး စစ်အုပ်ချုပ်ရေးအမိန့် နဲ့ နေအိမ်အပြင်အထွက်ဖို့ ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။
ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် အတွင်း ရေလမ်း၊ကုန်းလမ်းတွေ ကိုလည်း စစ်ကောင်စီဘက်က ပိတ်ထားတယ်လို့ ဒေသခံ တွေက ပြောထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခနဲ့ စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရက္ခိုင့်တပ်တော်(AA)