ဘီးလင်း၊ နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေယူထားတဲ့ တောင်သူတွေအနေနဲ့ ချေးငွေပြန်မဆပ်ရင် အမှုဖွင့်အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ကနေ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေရဲ့ မိုးစပါးချေးငွေ၊ ကိုဗစ်ချေးငွေနဲ့ ဆောင်းသီးနှံချေးငွေကို နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပြန်ဆပ်ကြဖို့ စစ်ကောင်စီ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့က တောင်သူတွေကို အောက်တိုဘာတတိယပတ်တွင်း သတိပေးစာပေးပို့လာတာပါ။
သတိပေးစာပေးပို့ခံထားရတဲ့ တောင်သူတွေအနေနဲ့ သတ်မှတ်ကာလအတွင်း ချေးငွေပြန်မဆပ်ပါက တည်ဆဲဥပဒေတွနဲ့ အမှုဖွင့်အရေးသွားမယ်လို့ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းက လက်မှတ်ရေးထိုးပြီး အကြောင်းကြားလာတာ ဖြစ်ပါတယ်။
တောင်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ အကြောင်းကြားစာဟာ ချေးငွေပြန်မဆပ်ရင် လူကိုပါ ဖမ်းဆီးအရေးယူမယ့် သဘောခြိမ်းခြောက်တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုကြောင့် တချို့တောင်သူတွေဟာ လယ်ယာမြေတွေအပါအဝင် ပိုင်ဆိုင်မှုတွေကို ပေါင်နှံရောင်းချပြီး ချေးငွေပြန်ဆပ်ဖို့ ပြင်ဆင်ကြပေမယ့် တောင်သူအများစုကတော့ ချေးငွေပြန်ဆပ်ဖို့ အခက်ကြုံနေရတာပါ။
ဘီးလင်းတောင်သူတွေဟာ အခုနှစ်မိုးရာသီမှာ ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ၃ ကြိမ် ဖြစ်ပေါခဲ့တဲ့အတွက် စိုက်ပျိုးထားတဲ့ မိုးစပါးဧက ၃၀၀၀၀ နီးပါး ထိခိုက်ပျက်စီးတာ၊ စစ်ကောင်စီလက်ထက် ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်နေတာကြောင့် အရှုံးပေါ်နေကြတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI