ဂန့်ဂေါ – နိုဝင်ဘာ ၆

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေထဲက ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ ယောညီနောင် ပ.က.ဖ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီ ရဲ ၇ ဦးထဲက ၅ ဦးကို အရှင်ပြန်လည်ဖမ်းဆီးရမိခဲ့တာပါ။

“တိုက်ပွဲအတွင်းမှာဖမ်းဆီးရမိတဲ့သူတွေကို ကျွန်တော်တို့က သက်ဆိုင်ရာရင်းတွေကိုအပ်ခဲ့ပြီး ပြန်လာခဲ့တာပေါ့။ထွက်ပြေးသွားတဲ့ ရဲတွေကို အခြားမဟာမိတ်တပ်တွေက ဖမ်းဆီးပြီးတော့ ခုခရိုင်ကွပ်ကဲရေးရုံးမှာ အပ်ထားတယ်လို့သိရတယ်။” လို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို မူဝါဒနဲ့အညီ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ အပ်နှံထားသလို ဖမ်းဆီးဖို့ ကျန်သေးတဲ့ စစ်ကောင်စီတပ်သား တစ်ဦးရှိနေသေးတာကြောင့် လုံခြုံရေး ဂရုစိုက်ကြဖို့ ယောညီနောင် ပ.က.ဖ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိသူတွေထဲမှာ ရဲဒုတပ်ကြပ် အောင်သူဖြိုးအပါအဝင် ရဲတပ်သား ညီမင်းထက်၊စိုင်းကိုဆက်၊စိုးမြင့်သန်းနဲ့ ဝင်းထက်ခိုင်တို့အပြင် သူတို့ထွက်ပြေးလွတ်မြောက်အောင် လာကြိုတဲ့ NON CDM ဆရာမကိုပါ နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။

သူတို့တွေကို ယောညီနောင် ပ.က.ဖ၊လင်းယုန် – LPDF၊ရှမ်းညီနောင် ပ.က.ဖ၊ YDF၊ MPDF တပ်ဖွဲ့၊တပ်ရင်း ၇ ၊တပ်ရင်း ၁၁ က ရဲဘော်တွေနဲ့အတူ အမည်မဖော်လိုတဲ့ ရပ်ကျေး ပ.က.ဖတွေ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJပုံစာ – မင်းရွာစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီလက်အောက်ခံများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.