ဂျေရုစလင်၊ နိုင်ဝင်ဘာ ၇

ဟားမတ်စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၄၀ ကျော်ကို ပြန်မလွှတ်ပေးမချင်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။

အစ္စရေးတပ်တွေဟာ နိုဝင်ဘာ ၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတွေကို ပယ်ချပြီး ဟားမတ်စ်အဖွဲ့အပေါ် စစ်ဆင်ရေးအရှိန်မြှင့်တင်ဖို့ လုပ်ဆောင်နေတယ်လို့ ကျွမ်းကျင်သူတွေကလည်း သုံးသပ်ထားတာပါ။

“ဓားစာခံတွေ ပြန်မပေးဘဲ အပစ်အခတ်ရပ်စဲရေးဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး၊ ဒါကို အဘိဓာန်ကနေပါ လုံးဝ ဖယ်ရှားသင့်ပါတယ်”လို့ ဝန်ကြီးချုပ်က အစ္စရေးတောင်ပိုင်းရှိ လေတပ်အခြေစိုက်စခန်းက ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးရဲ့ မိတ်ဆွေတွေနဲ့ ရန်သူတွေကိုလည်း ဟားမတ်စ်ကို အနိုင်ယူပြီးတဲ့အထိ ဆက်သွားမှာဖြစ်သလို ရွေးချယ်စရာမရှိဘူးလို့လည်း သူက ပြောပါသေးတယ်။

အပစ်ခတ်ရပ်စဲရေးအတွက် ကာတာ၊ဆော်ဒီ၊အီဂျစ်၊ဂျော်ဒန်နဲ့ အာရပ်စော်ဘွားများပြည်ထောင် စုက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တွေ့ဆုံစဉ် တောင်းဆိုထားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာကမ်းမြောင်ဒေသအတွင်း လိုအပ်နေတဲ့ အကူအညီတွေကို ဖြန့်ဝေဖို့ တည်နေရာအလိုက် ခေတ္တအပစ်ရပ်ဖို့ အစ္စရေးကို စည်းရုံးသိမ်း သွင်းဖို့ ရှိနေတယ်လို့ ဆိုထားပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ကလည်း အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက် ကမ်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံကာ အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုထားတာပါ။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ကို ထိုးဖောက်ဝင်ရောက်ဖို့ ဝေဟင်နဲ့ ရေတပ်အင်အား အသုံးပြုပြီး ဟားမတ်စ်တို့ရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးတာ၊အကြီးတန်း ခေါင်းဆောင်တွေကို သတ်ဖြတ်တာအပြင် ဟားမတ်စ်တို့ရဲ့ ထိန်းချုပ်မှုစနစ်တွေကို ဖျက်ဆီးနေတာပါ။

ဟားမတ်စ်အဖွဲ့ကတော့ ပါလက်စတိုင်းအကျဉ်းသားတွေကို အစ္စရေးဘက်က လွှတ်ပေးပါက ဓားစာခံတွေကို လွှတ်ပေးမှာဖြစ်တယ်လို့ ပြောခွင့်ရ အဘူအူဘိုင်ဒါက ပြောထားသလို သုံ့ပန်းတွေနဲ့ ပတ်သက်ပြီး တချို့သော သဘောတူညီချက်တွေအတွက်လည်း ဆွေးနွေးနိုင်တယ်လို့ အသိပေးထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.