ကာဘူးလ်၊ နိုဝင်ဘာ ၇

အာဖဂန်နစ္စတန်ကို တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တာလီဘန်တွေဟာ အာဖဂန်ကိုထိန်းချုပ်ပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွေကို အဆုံးသတ်မယ်လို့ ကြုံးဝါးထားတာပါ။

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး UNODC ရဲ့ အစီရင်ခံစာအရ အာဖဂန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်က နှစ်သိန်းသုံးသောင်းရှိခဲ့ရာကနေ ဒီနှစ်မှာတော့ တစ်သောင်းသာ ရှိတော့တယ်လို့ ဖော်ပြထားသလို ဘိန်းထုတ်လုပ်မှုဟာလည်း တန်ချိန် ၆၂၀၀ ကနေ ၃၃၃ တန်အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တင်ပို့နိုင်တဲ့ ဘိန်းဖြူခန့်မှန်းရိတ်သိမ်းမှု ပမာဏကလည်း အရင်နှစ်က တန်ချိန် ၃၈၀ ကနေ ၅၈၀ အထိရှိခဲ့ရာက ဒီနှစ်မှာတော့ ၂၄ တန်မှ ၃၈ တန်အထိ ကျဆင်းသွားတယ်လို့ ဆိုထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုတွေ ရုတ်တရက်ကျဆင်းသွားပြီး တခြားစိုက်ပျိုးသီးနှံကို ပြောင်းလဲစိုက်ပျိုးရတာကြောင့် ကျေးလက်နေ ပြည်သူတွေကြုံတွေ့ရမယ့် လူသားချင်းစာနာ ထောက်ထားမှု အကျိုးဆက်တွေကိုလည်း UNDOC က သတိပေးထားပါတယ်။

ဘိန်းစိုက်ပျိုးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း အာဖဂန်အတွင်းမှာရှိတဲ့ လယ်သမားတွေရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ မီလျံအထိရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ အထိကျဆင်းသွားတယ်လို့ UNODC ကပြောခဲ့သလို အဲဒီလို ကျဆင်းမှုဟာ ဆိုးရွားပြီး နိုင်ငံ့စီးပွားရေးကို ပိုမိုရုန်းကန်ရစေတယ်လို့ ဆိုထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သူဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ပြည်တွင်းစိုက်ပျိုးရေး တစ်ခုလုံးရဲ့ တတိယအမြင့်ဆုံးတန်ဖိုးကို ပေးနိုင်တဲ့ ထွက်ကုန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref – AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.