ဝါရှင်တန်၊ နိုဝင်ဘာ ၇
ယူကရိန်းသမ္မတ ဇီလန်စကီးက ရန်ပုံငွေတွေပိုမိုကူညီပံ့ပိုးပေးဖို့ အမေရိကန်ကို တောင်းဆိုထားခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ကိုလည်း စစ်ပွဲအတိုင်းအတာ သိရှိနိုင်အောင် ကိုယ်တိုင်လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အမေရိကန်ကသာ ယူကရိန်းစစ်ပွဲကို ထောက်ခံမှုမပေးရင် ရုရှားအနေနဲ့ ပိုကြီးတဲ့ဥရောပရဲ့ပဋိပက္ခမှာ အမေရိကန်စစ်သားတွေကိုပါ ဆွဲခေါ်သွားလိမ့်မယ်လို့ ဇီလန်စကီးက ပြောကြားခဲ့တာပါ။
“ရုရှားက ငါတို့အားလုံးကို သတ်နိုင်ခဲ့မယ်ဆိုရင် သူတို့က နေတိုးနိုင်ငံတွေကို တိုက်ခိုက်လိမ့်မယ်၊ အဲဒီခါကျရင် သင်တို့ရဲ့ သားသမီးတွေကို စစ်တိုက်ဖို့ စေလွှတ်နေရလိမ့်မယ်” လို့ နိုဝင်ဘာ ၅ ရက်နေ့က NBC နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံရှိတဲ့ အပိုအသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြုဖို့ လွှတ်တော်ကို တွန်းအားပေးခဲ့ပြီး အဲဒီငွေအများစုမှာ ယူကရိန်းရဲ့ကာကွယ်ရေးကို အားကောင်းလာစေဖို့အတွက် သာမက ကျန်ငွေတွေကို အစ္စရေး၊ အင်ဒို-ပစိဖိတ်ဒေသနဲ့ နယ်စပ်လုံခြုံရေးအတွက် ခွဲဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရီပတ်ဘလီကန် ဦးဆောင်တဲ့ အမေရိကန် အောက်လွှတ်တော်က ကိုယ်ပိုင်ရန်ပုံငွေအစီအစဉ်ကို အကောင်အ ထည်ဖော်ခဲ့ပြီး အစ္စရေးကို ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံ ထောက်ပံ့ဖို့ဥပဒေကြမ်းကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုခဲ့ပေမယ့်လည်း ယူကရိန်းအတွက် အကူအညီတိုးမြှင့်မှု မပါဝင်ခဲ့ပါဘူး။
ဒီမိုကရက်တစ်တွေ ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ် ချောက်ခ်ရှူမာကတော့ အောက်လွှတ်တော်ရဲ့ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပြီး ဘိုင်ဒင်ကတော့ ဒီလိုပြုလုပ်ဖို့ဗီတိုအာဏာသုံးဖို့ ကတိပြုခဲ့ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ယူကရိန်းသို့ အလည်အပတ်လာရောက်ရန် ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား စတင်ခဲ့တဲ့ပဋိပက္ခတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ကိုယ်တိုင်လာရောက်ကြည့်ရှုပါလို့ ဖိတ်ကြားခဲ့ပါသေးတယ်။
လာမယ့် ၂၀၂၄ ခုနှစ်မှာ ပြန်လည်အရွေးခံဖို့ ကြိုးပမ်းနေတဲ့ထရန့်ဟာ ကိဗ်အတွက် အမေရိကန်ထောက်ခံမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူသာပြန်လည်ရွေးကောက်ခံရပါက စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူဒီကို လာနိုင်ရင် ဒီစစ်ပွဲကို သူမကိုင်တွယ်နိုင်ဘူးဆိုတာကို သမ္မတထရန့်ကိုရှင်းပြဖို့ ကျွန်တော့်အနေနဲ့ ၂၄ မိနစ်လိုလိမ့်မယ်” လို့ ဇီလန်စကီးက ဆိုပါတယ်။ ပူတင်ကြောင့် ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်လိမ့်မှာ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။
Ref: The Sydney Morning Herald