မော်လမြိုင် – နိုဝင်ဘာ ၂

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတအကြံပေးနဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့ဟာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါ တယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်၊ASEAN Five Points Consensus အကောင်အထည် ဖော်မှု၊ စစ်ကောင်စီအပေါ် ပိုမိုထိရောက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရေးစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတာပါ။

ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်သလိုကူညီလုပ်ဆောင်တဲ့ အရေး ကိစ္စတွေကို အားစိုက်လုပ်ဆောင်နေပြီး ပိုမိုထိရောက်အောင် ကူညီနိုင်မယ့်နည်းလမ်းတွေကို လည်းရှာဖွေနေကာ အစိုးရအနေနဲ့ အကန့်အသတ်တွေရှိတဲ့ကြားက လုပ်ပေးနိုင်တဲ့ ကိစ္စတွေကို လုပ်ဆောင်ပေးဖို့အသင့်ရှိတယ်လို့ ကနေဒါ ဒုဝန်ကြီး Morrisonက ပြောခဲ့ပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ဘက်ကတော့ စစ်ကောင်စီအပေါ် လက်ရှိချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေအပြင် ပိုမိုထိရောက်ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို မြန်မာ့အရေး ထောက်ခံအားပေးတဲ့ နိုင်ငံတွေကြား ဟန်ချက်ညီပူးတွဲချမှတ်နိုင်ဖို့ တိုက်တွန်းဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး၊တရားဥပဒေစိုးမိုးရေးတို့မှာ လိုအပ်နေတဲ့ နည်းပညာအကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့လည်း တိုက်တွန်းခဲ့ကြတယ်လို့ ဆိုထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်ဖို့ ကနေဒါအစိုးရအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းပေးဖို့၊စစ်ကောင်စီကို နိုင်ငံတကာမှာ တရားစွဲနိုင်ရေး NUG ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံဖို့လည်း ကိုယ်စားလှယ်အဖွဲ့က ပြောခဲ့ ကြပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါ လွှတ်တော်နှစ်ရပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ကနေဒါ ရောက် မြန်မာလူမှုအဝန်းအဝိုင်းနဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.