မော်လမြိုင် – နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ခရီးသည်ကား တစ်စီး တိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အောင်ကျော်မိုး”အဝေးပြေးယာဉ်လိုင်းရဲ့ ခရီးသည်တင်မှန်လုံယာဉ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ ကျိုက်ထိုကနေ မော်လမြိုင်သို့ မောင်းနှင်းလာစဉ် ကျွန်းတောကျေးရွာ PT Power စက်သုံးဆီဆိုင်အနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ ဝမ်းဗိုက်မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားတစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ခရီးသည်ကားမှာ ခရီးသွားပြည်သူ ၄၀ ဦး လိုက်ပါစီးနင်းလာပြီး အဲဒီ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်တွေကိုတော့ ကျိုက်ထိုနဲ့သထုံခရိုင်ပြည်သူ့ဆေးရုံတွေ ထံ ပို့ဆောင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။
ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရနေတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ နှစ်ဖက်ပစ်ခတ်မှုနဲ့တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံးထားပြီး ၆၀ နီးပါး ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ