မော်လမြိုင် – နိုဝင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို လက်လွှတ်လိုက်ရပြီလို့ စစ်ကောင် စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောခဲ့တာပါ။

“ဒီအချိန်မှာတော့ ကျနော်တို့ အစိုးရရယ်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့တွေ လက်လွှတ်ခဲ့ရတဲ့နေရာတွေရှိပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၅ နှစ်တကြိမ်ခန့် လူမျိုးစု အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားတာသာ ဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊TNLAနဲ့ AA တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီနေ့ အချိန်ထိ စစ်ကောင်စီရဲ့ စခန်းကြီး၊စခန်းငယ်ပေါင်း ၉၀ ကျော်အထိသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက်ပိုင်းအတွင်း နာမည်ကြီးလာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်အစိုးရ(NUG) အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုအသီးသီးအပြင် ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိထားတာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၈၇ ခု သိမ်းပိုက်ထားသလို ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ သိန္နီမြို့တို့ကို အလုံးစုံထိန်းချုပ်ထားတယ် လို့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.